ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ ယူနိုက်တက်စတား
သတင်းတွေအရ ယူနိုက်တက်တောင်ပံကစားသမား ဆန်ချိုတစ်ယောက် ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာတုန်းက တန်ဟက်နဲ့အချင်းများခဲ့ပြီးနောက် ဆန်ချိုဟာ ယူနိုက်တက်လူစာရင်းကနေ ဖယ်ရှားခံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ဆန်ချိုဟာ အသင်းဟောင်း ဒေါ့မွန်မှာ ခြေစွမ်းကောင်းတွေပြန်လည်ပြသနိုင်ခဲ့ပြီး ၂၁ ပွဲမှာ ၃ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဒေါ့မွန်အသင်းဘက်က အပြီးသတ်မခေါ်ယူနိုင်တာကြောင့် ဆန်ချိုဟာ ယူနိုက်တက်အသင်းထံ ပြန်လာခဲ့ရပါတယ်။ အင်္ဂလန်သားဟာ ယူနိုက်တက်အသင်းနဲ့ အတူ လေ့ကျင့်ခန်းပြန်ဆင်းခဲ့သလို ရိန်းဂျားစ်နဲ့ခြေစမ်းပွဲ လူစာရင်းမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။
တန်ဟက်ရဲ့ယူနိုက်တက်အသင်းဟာ အဆိုပါပွဲမှာ ရိန်းဂျားစ်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး နောက်ခံလူသစ် ယိုရိုလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ ဆန်ချိုဟာ ပီအက်စ်ဂျီနဲ့ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားခဲ့ပြီဖြစ်တယ်လို့ မာကာတိုသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ပြင်သစ်ကလပ်ဟာ ဘာပေနေရာအတွက် ဆန်ချိုနဲ့အစားထိုးဖို့ ပြင်ဆင်နေပါတယ်။ ပီအက်စ်ဂျီအားကစားဒါရိုက်တာ ကမ်ပို့စ်ကလည်း ဆန်ချိုရဲ့ဂျာမနီမြေက ခြေစွမ်းကို သဘောကျနေပါတယ်။ နာပိုလီစတား အိုဆီမင်ကို ချိတ်ဆက်နေပေမယ့်လည်း ပီအက်စ်ဂျီဟာ လက်ရှိမှာ ဆန်ချိုကို ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ပီအက်စ်ဂျီ ကွင်းလယ်လူ ယူဂါတီကိုလည်း ချိတ်ဆက်နေပြီး ပြင်သစ်ကလပ်ဘက်ကလည်း ဖာနန်ဒက်စ်ကို စိတ်ဝင်စားနေပါတယ်။ ယူနိုက်တက်ဘက်က ဆန်ချိုကို ပေါင်သန်း ၄၀ လောက်ရရင် ရောင်းထုတ်ဖွယ်ရှိနေပါတယ်။ ဒါပေမယ့် တန်ဟက်နဲ့ စကားပြောဆိုပြီးနောက်မှာ အင်္ဂလန်သားဟာ လူစာရင်းထဲပြန်ပါလာခဲ့ပြီဖြစ်ပါတယ်။
လာမယ့်ရက်ပိုင်းအတွင်းမှာတော့ အပြောင်းအရွှေ့တွေက အလျင်အမြန်ဖြစ်လာဖွယ်ရှိနေပြီး ယူနိုက်တက်ဘက်က ဆန်ချိုကို ရောင်းထုတ်ပြီး ယူဂါတီကို ပြန်လည်ခေါ်ယူဖွယ်ရှိနေပါတယ်။ ယူနိုက်တက်ဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ ခပ်သွက်သွက်လှုပ်ရှားနေပြီး ဇီကာဇီနဲ့ ယိုရိုတို့ကို ခေါ်ယူထားခဲ့ပြီးဖြစ်ပါတယ်။