ဂရင်းဝုဒ်အတွက် ပေါင် ၂၅ သန်းဖြင့် ကမ်းလှမ်းမှုကို ရရှိထားတဲ့ ယူနိုက်တက်
အင်္ဂလန်လက်ရွေးစင် ကစားသမားဟာ သူ့ရဲ့ အနာဂတ်နှင့် ပတ်သက်ပြီး လအတန်ကြာ ထင်ကြေးပေးခံရပြီးနောက် လက်ရှိယူနိုက်တက်နည်းပြ တန်ဟက်ရဲ့လက်အောက်မှာ တစ်ပွဲမှ မကစားရသေးတာဖြစ်ပါတယ်။ မုဒိမ်းကျင့်ရန်ကြိုးစားမှု အပြုအမူထိန်းချုပ်မှုနှင့် စော်ကားမှုများအတွက် စွဲချက်တင်ခံရပြီးနောက်တွင် အမှုရုပ်သိမ်းခြင်းခံခဲ့ရတာကြောင့် ဂရင်းဝုဒ်ဟာ ယူနိုက်တက်သို့ ဇန်နဝါရီ ၂၀၂၂ ခုနှစ်တွင် ပြန်လည်ရောက်လာခဲ့ပါတယ်။
ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ရာသီက စပိန်ရှိ ဂီတာဖေးသို့ အငှားသွားရောက်ကစားခဲ့ပြီး အင်္ဂလိပ်ဘောလုံးလောကရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံးစွမ်းရည်ရှိ ကစားသမားတွေထဲက တစ်ဦးအဖြစ် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်ဟာ အသက် ၂၂ နှစ်အရွယ် ကစားသမားအတွက် ပေါင်သန်း ၄၀ ဖြင့် ကမ်းလှမ်းထားတာကြောင့် ယူနိုက်တက်သတ်မှတ်ထားတဲ့ တန်ဖိုးနှင့် ပိုမိုနီးစပ်နေသော်လည်း ကစားသမားဟာ အီတလီထက် စပိန်မှာသာ ပိုနေချင်နေတာဖြစ်ပါတယ်။
ဂီတာဖေးဟာ ဂရင်းဝုဒ်ကို အငှားစာချုပ် သို့မဟုတ် အပြီးသတ်စာချုပ်ဖြင့် ခေါ်ယူလိုနေသော်လည်း အသင်းရှိ ဘဏ္ဍာရေးအင်အားက နည်းပါးနေတာဖြစ်ပါတယ်။ သူ့ကိုခေါ်ယူချင်နေတာက ဂျူဗင်တပ်စ်တစ်သင်းတည်းမဟုတ်ဘဲ လက်ရှိ ကွန်တီကိုင်တွယ်နေတဲ့ နာပိုလီကလည်း ကစားသမားရဲ့အခြေအနေကို စောင့်ကြည့်နေတာဖြစ်ပါတယ်။
ယူနိုက်တက်ရဲ့ တွဲဖက်ပိုင်ရှင်အသစ် ဆာဂျင်မ်ရက်ဖ်ကလစ်က ကလပ်သို့ အသက် ၆ နှစ် အရွယ်ကတည်းက ရောက်လာခဲ့တဲ့ ဂရင်းဝုဒ်ဟာ အိုးထရက်ဖို့ဒ်တွင် အနာဂတ်ရှိနိုင်သည်ဟု အကြံပြုခဲ့ပါတယ်။ "ကျွန်တော်တို့ ဆုံးဖြတ်ချက်တစ်ခုချရပါမယ်ဆိုတာ မှန်ပါတယ်" "ကျွန်တော်လုပ်နိုင်တာက ဒီလိုဆုံးဖြတ်ချက်တွေကို ဘယ်လိုချဉ်းကပ်မလဲဆိုတဲ့ နိယာမအကြောင်း ပြောတာပါ။ သူက အသင်းအတွက် သင့်လျော်တဲ့ကစားသမားလား သူက ကောင်းတဲ့သူသလားဆိုတာ ဆုံးဖြတ်ရမှာပါ" "သူက ယူနိုက်တက် ဘောလုံးသမားမို့ ကျွန်တော်တို့ တာဝန်ယူထားပါတယ်" "ဒါဆို အဖြေက ကျွန်တော်တို့ ဆုံးဖြတ်ချက်ချရပါမယ်။ ဆုံးဖြတ်ချက်ချရမယ်ဆိုတာ တော်တော်ရှင်းပါတယ်။ တခြားဆုံးဖြတ်ချက်ချခဲ့တာလည်း မရှိပါဘူး။ သူက အငှားချထားတဲ့ကစားသမားမှန်း သိသာပေမယ့် သူတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ ကိုင်တွယ်ဖြေရှင်းရမယ့် ဘောလုံးသမား တစ်ယောက် သို့မဟုတ် နှစ်ယောက်ရှိပြီး ဆုံးဖြတ်ချက်တစ်ခုချရမှာဖြစ်တဲ့အတွက်ကြောင့် တန်ဖိုးတွေအပေါ် အခြေခံပြီး တရားမျှတတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်သွားမှာပါ" "သူက ယူနိုက်တက်အတွက် စိတ်ရင်းမှန်နဲ့ ကစားပေးနိုင်မလား၊ ကျွန်တော်တို့နဲ့ အဆင်ပြေမှာလား၊ ပရိသတ်တွေနဲ့လည်း အဆင်ပြေမှာလားဆိုတာပါ" လို့ ရက်ဖ်ကလစ်က ပြောပါတယ်။
BBC နှင့် သီးခြားအင်တာဗျူးတစ်ခုတွင် ရက်ဖ်ကလစ်က "ကျွန်တော်တို့က အချက်အလက်များကို ကြည့်ရှုပြီး၊ မျှတစွာ ဆုံးဖြတ်ဖို့နှင့် ကလပ်ရဲ့တန်ဖိုးတွေကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါတယ်" "ဒါဆို ကျွန်တော်တို့က ဆုံးဖြတ်ချက်တစ်ခု ထွက်လာမှာပါ။ ဂရင်းဝုဒ်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ မသင့်တော်ပါဘူး"လို့ ပြောကြားထားပါတယ်။