ဘာစီလိုနာမှာရှိစဉ်က အပယ်ခံတစ်ယောက်လို ခံစားခဲ့ရကြောင်း ဖွင့်ဟလာတဲ့ အမ်တီတီ
ယခုနှစ်အစောပိုင်းမှာ ပရော်ဖက်ရှင်နယ်ဘောလုံးကစားသမားဘဝမှ အပြီးအပိုင်အနားယူသွားခဲ့တဲ့ ဘာစီလိုနာနဲ့ ပြင်သစ်လက်ရွေးစင်နောက်ခံလူဟောင်း ဆမ်မြူရယ်အမ်တီတီက သူဟာ ဘာစီလိုနာမှာရှိစဉ်က အလွန်အထီးကျန်ခဲ့ပြီး အပယ်ခံတစ်ယောက်လို ခံစားခဲ့ရကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
အမ်တီတီက သူဟာ ဘာစီလိုနာမှာ ဒဏ်ရာပြဿနာအများအပြားနဲ့ရင်ဆိုင်ခဲ့ရပြီး ပွဲထွက်ခွင့်လည်း နည်းပါးခဲ့တာကြောင့် အသင်းမှာ သူ့ကိုဂရုစိုက်တဲ့သူ တစ်ယောက်မှမရှိခဲ့သလိုခံစားခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။ အမ်တီတီက "ဘာစီလိုနာမှာတုန်းက ကျွန်တော်အရမ်းအထီးကျန်ခဲ့ပါတယ်။ ဘယ်သူနဲ့မှလည်း စကားမပြောချင်ခဲ့ပါဘူး။ တစ်ချိန်တည်းမှာပဲ ဒဏ်ရာပြဿနာတွေကလည်း ဆက်တိုက်ကြုံတွေ့နေရတော့ ပွဲထွက်ကစားခွင့်လည်း အရမ်းနည်းခဲ့ပါတယ်"
"စိတ်ထဲမှာသက်တောင့်သက်သာမဖြစ်ဘဲ နေလို့မကောင်းရင် ခန္ဓာကိုယ်ကိုရော၊ စွမ်းဆောင်ရည်ကိုပါ ထိခိုက်စေပါတယ်။ ဒါကြောင့် ဘောလုံးသမားတွေက အားပေးထောက်ခံမှုတွေရရှိဖို့ မဖြစ်မနေလိုအပ်တာပါ။ ကမ္ဘာပေါ်ကဘောလုံးသမားတိုင်းက ကိုင်တွယ်ရခက်ခဲတဲ့ လောကထဲကိုရောက်နေကြတာပါ။ ကိုယ်ကိုယ့်ကိုယ် အဆင်မပြေဘူးလို့ခံစားရတဲ့အချိန်တွေမှာလည်း အသံထွက်ဝန်ခံပြောဆိုရဲ့တဲ့သတ္တိရှိဖို့လည်း လိုပါတယ်" လို့ပြောကြားခဲ့ပါတယ်။
အမ်တီတီဟာ ၂၀၂၂ ခုနှစ်မှာ အီတလီစီးရီးအေကလပ် လက်ချီသို့ပြောင်းရွှေ့ခဲ့ပြီး လက်ချီသို့စတင်ရောက်ရှိချိန်မှာ ပရိသတ်တွေရဲ့ကြိုဆိုအားပေးမှုကြောင့် မျက်ရည်ကျလောက်တဲ့အထိ ဝမ်းသာမိခဲ့ကြောင်းလည်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ ပြင်သစ်သားက "ကျွန်တော်က စကားအများကြီးပြောတတ်တဲ့လူမျိုးမဟုတ်ပါဘူး။ ကျွန်တော်ပါးစပ်ကပြောတဲ့စကားထက် နှလုံးသားကပြောတဲ့စကားကိုပိုပြီးတော့ ကျယ်လောင်ပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့အချိန်ကာလနဲ့ ကျွန်တော့်ကိုနားမလည်တဲ့လူတွေကြားကနေ လက်ချီကိုစရောက်ခဲ့ပါတယ်"
"ကျွန်တော်က စစ်မှန်တဲ့ချစ်ခြင်းမေတ္တာကို လိုအပ်နေခဲ့တာပါ။ လက်ချီကိုစရောက်တဲ့အခိုက်အတန့်မှာပဲ ဒီလိုချစ်ခြင်းမေတ္တာမျိုးကို တွေ့ခဲ့ရပါတယ်။ အစပိုင်းကတော့ ဘာစီလိုနာလိုနေရာကနေ လာခဲ့ရတာဆိုတော့ လက်ချီမှာ ဘာတွေဖြစ်လာမလဲ မသေချာခဲ့ပါဘူး။ ဒါပေမယ့် ဒါရိုက်တာ ကော်ဗင်နိုပြောသလိုပဲ လက်ချီပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရပါတယ်။ ဒီမြို့နဲ့ ဒီမြို့ကလူတွေကို ကျွန်တော်တကယ်ချစ်မြတ်နိုးခဲ့ပြီး သံယောဇဉ်ဖြစ်ခဲ့ပါတယ်' လို့ပြောကြားခဲ့ပါတယ်။