
ဒီနေ့ထက်ပိုတဲ့ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုတွေ မခံစားခဲ့ဖူးဘူးလို့ ဖွင့်ဟလိုက်တဲ့ အာနိုးလ်
စိတ်လှုပ်ရှားဖွယ် အန်ဖီးလ်ကွင်းနောက်ဆုံးပွဲစဉ်ကို ပါဝင်ကစားရင်း လီဗာပူးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလား ကိုင်မြှောက်ပြီးနောက် အာနိုးလ်က ဒီနေ့ထက်ပိုတဲ့ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုတွေကို ဘယ်တုန်းကမှ မခံစားခဲ့ဖူးဘူးလို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။
လီဗာပူးအတွက် သူ့ရဲ့နောက်ဆုံးပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ပါဝင်ကစားဖို့ ခရစ္စတယ်ပဲလေ့စ်နဲ့ တစ်ဖက်တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အပြီး လူစားဝင်လာချိန် အသက်-၂၆ နှစ်အရွယ်ကစားသမားကို သူရဲကောင်းတစ်ဦးလို ကြိုဆိုနှုတ်ဆက်ခဲ့ပါတယ်။ ဒါက အာဆင်နယ်နဲ့ပွဲစဉ်မှာ အာနိုးလ်ကြုံတွေ့ခဲ့ရတဲ့အခြေအနေနဲ့ ပြောင်းပြန်ဖြစ်နေခဲ့ပါတယ်။
လီဗာပူးအသင်းမှာ နှစ်ပေါင်း ၂၀ လောက် ဖြတ်သန်းလာခဲ့တဲ့ ငယ်မွေးခြံပေါက်အာနိုးလ်က ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ သတင်းတွေအရ သိရပါတယ်။ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်အပြီး စိတ်လှုပ်ရှားနေတဲ့ အာနိုးလ်က “ လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်က ပေါ်ပေါက်ခဲ့တဲ့ ဖြစ်ရပ်တွေအပြီး ဒီနေ့၊ ကွင်းထဲဝင်ရောက်လာချိန် ဘာကိုမျှော်လင့်လို့ရမလဲဆိုတာ ကျွန်တော်လည်း မသိထားခဲ့ပါဘူး။
ကျွန်တော်က ကလပ်အသင်းအတွက် နောက်တစ်ကြိမ်လောက်တော့ ပါဝင်ကစားပေးချင်ခဲ့တယ်။ ဒီစိတ်ဆန္ဒကို နည်းပြဆီ ကျွန်တော်ပြောပြခဲ့ပြီး သူကိုယ်တိုင်ကလည်း ပထမပိုင်းပွဲချိန်အပြီးမှာ ကျွန်တော့်ကို ယုံကြည်ပေးခဲ့ပါတယ်။ ပြီးတော့ အခုလိုကြိုဆိုနှုတ်ဆက်မှုမျိုးကို ရရှိလို့ ကျွန်တော့်အတွက် အရင်ထက်တောင် ပိုပြီးအဓိပ္ပါယ်ပြည့်ဝလာပါတယ်။ ကလပ်အသင်းအတွက် ပွဲတွေရာနဲ့ချီပြီး ကျွန်တော် ကစားပေးခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီနေ့လောက် ဘယ်တုန်းကမှ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုတွေ မရရှိခဲ့ဖူးပါဘူး”လို့ ပြောပါတယ်။
နောက်ပိုင်းမှာ အာနိုးလ်က သူ့ရဲ့အသင်းဖော်တွေ၊ ပရိသတ်တွေနဲ့အတူ "You’ll Never Walk Alone" သီချင်းကို သီဆိုရင်း အောင်ပွဲခံခဲ့ပါတယ်။ အာနိုးလ်က “ အသက်ခြောက်နှစ်အရွယ်မှစတင်လာလိုက်တာ အခုဆို အသက်-၂၆ နှစ် ရှိပါပြီ။ နှစ်ပေါင်း ၂၀ ပါ။ အလွန်ရှည်လျားတဲ့အချိန်ကာလတစ်ခုဖြစ်ပေမယ့် ဒီဖြတ်သန်းမှုမိနစ်တိုင်းကို ကြိုက်နှစ်သက်ပါတယ်။ အနိမ့်အမြင့်၊ အတက်အကျတွေနဲ့အတူ အကယ်ဒမီမှတဆင့် စီနီယာအသင်းဆီ ရောက်ရှိလာပြီး အသင်းရဲ့အစိတ်အပိုင်းတစ်ရပ် ဖြစ်လာခဲ့ပါတယ်။ ဒီကလပ်အသင်းရဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်ရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာ အခွင့်ထူးတစ်ရပ်ဖြစ်ပါတယ်”လို့ ပြောပါတယ်။