
The network connection is lost.

အာဆင်နယ်အသင်းက တော့တင်ဟမ်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ရတဲ့ လန်ဒန်ဒါဘီပွဲစဉ်အတွင်း နည်းပြ ပိုစတီကိုဂလူရဲ့ တော့တင်ဟမ်အသင်းက ချေပဂိုးတွေ နောက်ကနေ လိုက်သွင်းကာ ၂ဂိုး - ၂ဂိုး ရလဒ်ဖြင့် ရမှတ် ၁ မှတ် စုဆောင်းနိုင်ခဲ့ပြီး ချေပဂိုး ၂ဂိုးသွင်းယူခဲ့တဲ့ ဆွန်ဟောင်မင်က ရလဒ်ပိုင်းနဲ့ ပက်သက်ပြီး မှတ်ချက်ပြုစကားဆိုလိုက်တာပဲ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းရဲ့ အမ်းမရိတ်ကွင်းအတွင်းမှာ အကြိတ်အနယ်ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ အဆိုပါပွဲစဉ်တွင် အာဆင်နယ်အသင်းက ရိုမဲရိုးရဲ့ ကိုယ့်ဂိုးကို ပြန်လည်သွင်းခဲ့မိတဲ့ ဂိုးအပါအဝင် ဆာကာရဲ့ ပင်နယ်တီသွင်းဂိုးနဲ့ ၂ကြိမ် တိုင် ဦးဆောင်ကစားခွင့် ရခဲ့ပေမဲ့ ဆွန်ဟောင်မင်ရဲ့ ချေပဂိုးတွေ ခွင့်ပြုခဲ့ရတာကြောင့် ၂ဂိုး - ၂ဂိုး ရလဒ်ဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
ဆွန်ဟောင်မင်က ပထမချေပဂိုးကို သွင်းယူပေးနိုင်ခဲ့သလို အာဆင်နယ်အသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို တောင်ပံကစားသမား ဆာကာက ပင်နယ်တီမှတစ်ဆင့် သွင်းယူနိုင်ခဲ့ပြီး များမကြာမီမှာ ကွင်းလယ်တွင် ဘောလုံးကိုင်ထားတဲ့ ဂျော်ဂျင်ဟိုထံမှ မက်ဒီဆင်က လုယူကာ ဖန်တီးပေးရာမှ တစ်ဆင့် ဆွန်ဟောင်မင်အနေဖြင့် အဖိုးတန် ဒုတိယမြောက် ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဆွန်ဟောင်မင်ရဲ့ စွမ်းဆောင်ရည်တွေနဲ့အတူ ပွဲစဉ် ၆ ပွဲကစားပြီးချိန်တွင် ရှုံးပွဲမရှိခရီးစဉ်ကို ဆက်လက်လမ်းလျှောက်ခွင့်ရခဲ့တဲ့ တော့တင်ဟမ်အသင်းအနေဖြင့် ပုံစံကောင်းကို ဆက်လက်ထိန်းသိမ်းနိုင်ပါက ရာသီကုန်တွင် ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ရောက်ကစားခွင့်ပါ ရလာနိုင်တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းနဲ့ ပွဲစဉ်တွင် သရေရလဒ်ထွက်ပေါ်ခဲ့တာနဲ့ ပတ်သက်လို့ တောင်ကိုရီးယားကြယ်ပွင့် ဆွန်ဟောင်မင်က“ဒါဘီပွဲစဉ်ဖြစ်လို့ ထုံးစံအတိုင်း ကစားရခက်ခဲခဲ့ပါတယ်။ ပွဲစဉ်ရဲ့ ဖျော်ဖြေမှုက ပရိသတ်တွေအတွက် ကျေနပ်စရာဖြစ်မယ်ထင်ပါတယ်။ ပွဲမပြီးမချင်း အစွမ်းကုန်ပေးဆပ်ခဲ့တာကြောင့် ပရိသတ်တွေ အနေနဲ့လည်း ဂုဏ်ယူစရာ ပွဲစဉ်တစ်ပွဲ ဖြစ်မယ်ထင်ပါတယ်။ ကျွန်တော်တို့က ဒီနေ့ပွဲကို အနိုင်လိုချင်ခဲ့ပေမဲ့ တစ်မှတ်ပဲရခဲ့တယ်ဆိုတာက ရှက်စရာလိုလို ဖြစ်နေပါတယ်။ ဒါပေမဲ့ ခြုံပြောရရင် စွမ်းဆောင်ရည်ပိုင်းက ကောင်းခဲ့ပါတယ်” လို့ ရှင်းပြ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။