ခရစ္စတယ်ပဲလေ့စ်သို့ပြောင်းရွှေ့ဖို့ ဆေးစစ်မှုခံယူတော့မယ့် တော့တင်ဟမ်စတား ဂျွန်ဆင်
တော့တင်ဟမ်ကြယ်ပွင့်တိုက်စစ်မှူး ဘရန်နန်ဂျွန်ဆန်ဟာ အသင်းမှထွက်ခွာကာ ပြိုင်ဘက်ပရီးမီးယားလိဂ်ကလပ် ခရစ္စတယ်ပဲလေ့စ်သို့ပြောင်းရွှေ့ဖို့ ဆေးစစ်မှုခံယူတော့မယ်လို့ သိရပါတယ်။ တော့တင်ဟမ်အနေနဲ့ ဂျွန်ဆင်ကို ရောင်းချဖို့ပြင်ဆင်နေသလို၊ ပဲလေ့စ်ကလည်း တိုက်စစ်မှူးသစ်ရှာဖွေနေတာကြောင့် ကစားသမားရဲ့အပြောင်းအရွှေ့အတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက နှစ်သင်းအကြားသဘောတူညီမှုရထားခဲ့ပြီဖြစ်ပေမယ့် ဂျွန်ဆင်က တုံ့ဆိုင်းနေတာကြောင့် အပြောင်းအရွှေ့ကြန့်ကြာနေခဲ့တာဖြစ်ပါတယ်။
ယခုအခါမှာတော့ သတင်းတွေအရ ဂျွန်ဆင်ဟာ ပဲလေ့စ်သို့ပြောင်းရွှေ့ဖို့ဆေးစစ်မှုခံယူတော့မှာဖြစ်ပြီး ပြောင်းရွှေ့ကြေးကိုတော့ ပေါင် ၃၅ သန်းသတ်မှတ်ထားတယ်လို့သိရပါတယ်။ ပဲလေ့စ်ဟာ ဂျွန်ဆင်ကို လာမယ့် နယူးကာဆယ်နဲ့ပွဲအမီအသုံးပြုဖို့ ရည်ရွယ်ထားတာကြောင့် ကစားသမားဟာ လာမယ့် ၂၄ နာရီအတွင်းမှာပဲ ဆေးစစ်မှုခံယူသွားဖွယ်ရှိပါတယ်။
ဝေးလ်လက်ရွေးစင်ဂျွန်ဆင်ဟာ နည်းပြသောမတ်စ်ဖရန့်ခ်လက်အောက် တော့တင်ဟမ်မှာပုံမှန်နေရာရုဖို့ ရုန်းကန်နေရပြီး ယခုရာသီ ပရီးမီးယားလိဂ်မှာ ၆ ပွဲသာပွဲထွက်ပါဝင်ခွင့်ရထားတာဖြစ်ပါတယ်။အင်္ဂါနေ့ကပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ ဖရန့်ခ်က ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ဂျွန်ဆင်ကို ထည့်သွင်းအသုံးပြုဖို့ရှိကြောင်း အရိပ်အမြွက်ပြောကြားထားခဲ့ပေမယ့် အဆိုပါပွဲမှာ ကစားသမားဟာ လူစာရင်းကနေချန်လှပ်ခံထားခဲ့ရပါတယ်။
ဂျွန်ဆင်အနေနဲ့လည်း သူ့ရဲ့အနာဂတ်အတွက် ဆုံးဖြတ်ချက်မပြုလုပ်မီမှာ ပဲလေ့စ်နည်းပြ အိုလီဗာဂလက်စ်နာနဲ့ ဆွေးနွေးမှုတွေပြုလုပ်ထားခဲ့တယ်လို့သိရပါတယ်။ သို့သော်လည် ဂလက်စ်နာကတော့ ကစားသမားနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ငြင်းဆန်ထားခဲ့တာဖြစ်ပါတယ်။ ဩစတြီးယားလူမျိုးနည်းပြက "ဂျွန်ဆင်နဲ့ပတ်သက်ပြီး ကျွန်တော်မှတ်ချက်မပေးလိုပါဘူး။ ဘာတွေဖြစ်လာမလဲစောင့်ကြည့်ကြတာပေါ့။ ဒါက ဘောလုံးလောကရဲ့ရူးသွပ်စရာလတစ်လပါ။ ကစားသမားသစ်ရောက်လာမယ်လို့ထင်ထားပေမယ့် ရောက်မလာတာမျိုး၊ အသင်းမှာဆက်နေဖို့သေချာတဲ့ကစားသမားတစ်ယောက် ထွက်ခွာသွားတာမျိုးတွေ ကျွန်တော်အများကြီးကြုံထားခဲ့ပါတယ်"
"ဇန်နဝါရီလအတွင်း အရာအားလုံးက မထင်မှတ်ထားဘဲပြောင်းလဲသွားနိုင်သလို၊ ပုံမှန်အတိုင်းဆက်ရှိနေဖို့လည်း မသေချာပါဘူး။ အပြောင်းအရွှေ့ကာပြီးဆုံးချိန်မှာ ကျွန်တော်ပြောတာတွေက အမှားတွေဖြစ်လာနိုင်လို့ ဒီအချိန်မှာ ဘာမှမပြောတာကောင်းပါတယ်" လို့ပြောကြားခဲ့ပါတယ်။