The network connection is lost.

Banner Image

အက်ဖ်အေဖလားဗိုလ်လုပွဲသို့တက်ရောက်ထားနိုင်ပေမယ့် ဆိုးဝါးတဲ့ရာသီတစ်ခုဖြစ်တယ်လို့ ဂွါဒီယိုလာဝန်ခံ

တနင်္ဂနွေနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မန်ချက်စတာစီးတီးဟာ နော်တင်ဟမ်ဖောရက်စ်ကို ၀-၂ နဲ့အနိုင်ယူပြီး ဗိုလ်လုပွဲသို့တက်လှမ်းနိုင်ခဲ့ပေမယ့် နည်းပြပက်ဂွါဒီယိုလာကတော့ ဒီရာသီဟာ ဆိုးဝါးတဲ့ရာသီတစ်ခုသာဖြစ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။ 

နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ရခဲ့တဲ့မန်စီးတီးဟာ သမိုင်းတစ်လျှောက် အက်ဖ်အေဖလား ဗိုလ်လုပွဲသို့ ၃ နှစ်ဆက်တိုက်တက်ရောက်နိုင်ခဲ့တဲ့ ၆ သင်းမြောက် ဘောလုံးအသင်းဖြစ်လာခဲ့ပါတယ်။ သို့သော်လည်း လီဗာပူးက တော့တင်ဟမ်ကို ၅-၁ နဲ့အနိုင်ယူပြီး ပရီးမီးယားလိဂ်ဖလားကိုဆွတ်ခူးခဲ့ပြီဖြစ်လို့ ဂွါဒီယိုလာအနေနဲ့ ဖောရက်စ်ကိုအနိုင်ရသော်လည်း စိတ်ကျေနပ်နေပုံမပေါ်ပါဘူး။ 

ရာသီကုန်ဖို့ ၄ ပွဲလိုအပ်နေသေးပေမယ့် မန်စီးတီးဟာ ချန်ပီယံ လီဗာပူးနဲ့ ရမှတ် ၂၁ မှတ်အထိကွာဟနေပြီး ဂွါဒီယိုလာလက်ထက် ရမှတ်အနည်းဆုံးရာသီနဲ့ ကြုံတွေ့သွားရတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် မန်စီးတီးဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့်သို့တက်ရောက်နိုင်ဖို့ ကျရှုံးခဲ့ပါတယ်။

နော်တင်ဟမ်ဖောရက်စ်ကိုအနိုင်ရပြီးနောက် ဂွါဒီယိုလာက "ဒီရာသီက ကောင်းမွန်တဲ့ရာသီတစ်ခုမဟုတ်ပါဘူး။ ကျွန်တော်တို့ လီဗာပူးနဲ့ အမှတ်ပေါင်း သန်း ၁ ထောင်လောက်ကွာဟနေပါတယ်။ ဒါကမကောင်းပါဘူး။ ပြီးတော့ ချန်ပီယံလိဂ်မှာဆိုရင်လည်း ကျွန်တော်တို့ ၂ ပွဲလားပဲနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အသင်းက အရင်က စက်ရုပ်တွေလိုဖြစ်ခဲ့ပေမယ့် အခုတော့ ချို့ယွင်းချက်တွေရှိလာပါပြီ။ ကလပ်အနေနဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချမှတ်သွားဖို့လိုပြီး နောက်ရာသီမှာ ပိုကောင်းအောင်ကြိုးစားသွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဖလားကိုဆွတ်ခူးခဲ့တဲ့ လီဗာပူးကို ဂွါဒီယိုလာက ချီးကျူးစကားဆိုခဲ့ပါတယ်။ စပိန်သားနည်းပြက "ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့လီဗာပူးကို ကျွန်တော်တို့ ဂုဏ်ပြုရပါမယ်။ သူတို့ ဒီဖလားနဲ့ထိုက်တန်တယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။ အရမ်းကောင်းတဲ့အသင်းပါ။ လာမယ့်ရာသီမှာတော့ သူတို့နဲ့ ဒီထက်ပိုပြီး ယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်ပါတယ်။ အခုတော့ သူတို့အတွက် ဂုဏ်ယူပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်မေလ ၁၇ ရက်နေ့မှာတော့ မန်စီးတီးဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်အဖြစ် အက်စတွန်ဗီလာကို ၃-၀ နဲ့အနိုင်ရခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ယှဉ်ပြိုင်သွားရပါမယ်။ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေရဆဲဖြစ်တဲ့ ဂွါဒီယိုလာရဲ့အသင်းဟာ စနေနေ့မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝုဗ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရပါမယ်။