The network connection is lost.

Banner Image

အသွင်သစ်ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်ပွဲရယူဖို့ စိတ်အားထက်သန်နေတဲ့ ဟယ်ရီကိန်း

နောက်ထပ်ဆုဖလားအောင်မြင်မှုတစ်ခုရှာဖွေနေတဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟယ်ရီကိန်းက အသွင်သစ်ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားရလို့ အလွန်စိတ်လှုပ်ရှားနေပါတယ်။ ဘိုင်ယန်မြူးနစ်က လာမယ့်ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောက်ကလန်စီးတီး၊ ဘိုကာဂျူနီယာ၊ ဘင်ဖီကာတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။ ဒီတစ်ခေါက်ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲဝင်ကလပ်အသင်းကို ၃၂ ခုအထိ တိုးချဲ့ထားပြီး ဘွန်ဒက်စ်လီဂါချန်ပီယံဆုဖြင့် ဆုဖလားလက်မဲ့ကျိန်စာဆိုးကို ဖျက်ဆီးထားနိုင်တဲ့ ဟယ်ရီကိန်းက သူ့ရဲ့ဆုဖလားဗီရိုထဲမှာ နောက်ထပ်ဆုဖလားတစ်လုံးကို ထပ်မံထည့်သွင်းသွားနိုင်ဖို့ မျှော်လင့်နေပါတယ်။

အင်္ဂလန်ကပ္ပတိန်က အခုဘောလုံးရာသီ၊ ပြိုင်ပွဲစုံ ၄၆ ပွဲ ပါဝင်ကစားကာ ၃၈ ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ ပါဝင်ယှဉ်ပြိုင်ဖူးခြင်း မရှိပါဘူး။ အခုဆိုရင် အမေရိကန်မှာကျင်းပတော့မယ့် ပြိုင်ပွဲဆီ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ကြိုးပမ်းနေရာမှာ ဟယ်ရီကိန်းက သူ့ရဲ့စိတ်လှုပ်ရှားနေမှုကို ဖော်ပြခဲ့ပါတယ်။ ဒီပြိုင်ပွဲက အမေရိကန်၊ မက္ကဆီကို၊ ကနေဒါတို့ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အကြိုရှုမြင်မှုပုံစံတစ်ခု ဖြစ်လာလိမ့်မယ်လို့လည်း သူက ယုံကြည်နေပါတယ်။

FIFA Website နဲ့တွေ့ဆုံချိန် ဟယ်ရီကိန်းက “ ဒီပြိုင်ပွဲက ထူးခြားလာပါလိမ့်မယ်။ အခုလိုအဓိကပြိုင်ပွဲကြီးတစ်ရပ်ကို ကိုယ့်ရဲ့ကလပ်အသင်းနဲ့အတူ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခြင်းက အတိတ်မှာ လုပ်ခဲ့ဖူးတဲ့အရာတွေနဲ့ တူညီမှာမဟုတ်သလို အတွေ့အကြုံကောင်း ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်တစ်နှစ်အလိုမှာ အမေရိကန်ဆီရောက်ရှိလာပြီး ဒီနိုင်ငံရဲ့ဘောလုံးကွင်းအချို့ကို လေ့လာနိုင်မှုအပြင် ပရိသတ်တွေနဲ့ရင်းနှီးခွင့်ရရှိတာ အခွင့်အလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ ကြီးကျယ်ခမ်းနားတဲ့ ပြိုင်ပွဲတစ်ခု ဖြစ်လာပါလိမ့်မယ်။ အမြဲတမ်းလိုလို၊ အားကစားအမျိုးအစားတိုင်းရဲ့ ပထမဆုံးအကြိမ်ကျင်းပတဲ့ ပြိုင်ပွဲမျိုးမှာ ပရိသတ်တွေက ဘယ်လိုဖြစ်လာမလဲဆိုပြီး တွေးနေကြလေ့ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဒီပြိုင်ပွဲအတွက် တကယ်ကိုစိတ်လှုပ်ရှားနေပါပြီ”လို့ ဆိုပါတယ်။ ဘိုင်ယန်မြူးနစ်က ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲခရီးစဉ်ကို ဇွန် ၁၅ ရက်၊ အောက်ကလန်စီးတီးနဲ့ယှဉ်ပြိုင်ကစားရင်း စတင်သွားပါလိမ့်မယ်။