ချန်ပီယံလိဂ်နိုင်ပွဲအပြီး တော့တင်ဟမ်ပရိသတ်တွေကို ချီးကျူးဂုဏ်ပြုခဲ့တဲ့ သောမတ်ဖရန့်ခ်
ဒေါ့မွန်ကို နှစ်ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းအပေါ် အပြည့်အဝထောက်ခံအားပေးခဲ့တဲ့ တော့တင်ဟမ်ပရိသတ်တွေကို သောမတ်စ်ဖရန့်ခ်က ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ရိုမဲရိုးနဲ့ ဆိုလန်ကီတို့ရဲ့သွင်းဂိုးတွေက ပြိုင်ပွဲစုံနောက်ဆုံးရှစ်ပွဲမှာ တစ်ပွဲသာအနိုင်ရရှိပြီး အိမ်ကွင်းနိုင်ပွဲ မဖြစ်မနေလိုအပ်နေတဲ့ သောမတ်စ်ဖရန့်ခ်အတွက် Clean Sheet အောင်ပွဲတစ်ခု ဖန်တီးပေးခဲ့ပါတယ်။
ပွဲစဉ်အပြီး TNT Sports နဲ့တွေ့ဆုံချိန် သောမတ်စ်ဖရန့်ခ်က “ အထူးသဖြင့် ပထမပိုင်းပွဲချိန်အတွင်းမှာဆိုရင် ထူးရှယ်ဥရောပညချမ်းတစ်ခုကို ခံစားခဲ့ရမယ်လို့ထင်ပါတယ်။ ပရိသတ်တွေလည်း အရမ်းကောင်းပါတယ်။ သူတို့က အသင်းရဲ့နောက်မှာ အပြည့်အဝရပ်တည်ပေးခဲ့ပါတယ်။
ပရိသတ်တွေကိုယ်တိုင် အသင်းရဲ့နောက်မှာ အပြည့်အဝရပ်တည်ပေးခဲ့တယ်လို့ ထင်ပါတယ်။ ကွင်းတွင်းအငွေ့အသက်၊ ခွန်အားနဲ့ ကစားသမားတွေဆီ အားအင်အဖြစ်ပြောင်းလဲပေးပို့ပုံတွေက ထူးရှယ်ပါပဲ။ ဒီအောင်ပွဲနဲ့ ဒီစွမ်းဆောင်ရည်ကို ဘန်လေနဲ့ပွဲစဉ်အထိ မဖြစ်မနေသယ်ဆောင်သွားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့အတွက် စွမ်းဆောင်ရည်ကောင်းတွေနဲ့အတူ နိုင်ပွဲတစ်ခု မဖြစ်မနေလိုအပ်နေပါတယ်။
အစွန်းအထင်းတွေဆိုတာ ကျွန်တော်တို့နဲ့ အမြဲတမ်းသက်ဆိုင်နေမယ်လို့တော့ မထင်မြင်မိပါဘူး။ တခါတလေတော့ လိုအပ်တာပေါ့။ နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်ရှစ်ခုမှာ မှန်ကန်တဲ့အရာတွေအများကြီးကို ကျွန်တော်တို့လုပ်ဆောင်ခဲ့တယ်လို့ ထင်ပါတယ်။ အခုတော့ ဒီအရာတွေကို ရလဒ်တစ်ခုအဖြစ်ပြောင်းလဲပြီး ဒီအပေါ်မှာ ဆက်လက်တည်ဆောက်သွားရပါမယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး သောမတ်စ်ဖရန့်ခ်က ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာရခဲ့ပေမယ့် အခုပွဲစဉ်အတွင်း အစွမ်းကုန်တောက်ပခဲ့တဲ့ တိုက်စစ်မှူးဇာဗီဆိုင်မွန်စ်ကိုလည်း ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ဒိန်းမတ်လူမျိုးနည်းပြက “ ဒီနေရာမှာ ကောင်းတဲ့အချက်တွေ အများကြီးရှိမယ်လို့ ထင်ပါတယ်။ ဒဏ်ရာပြဿနာကိုကျော်လွှားပြီး နာကျင်မှုနဲ့အတူ ကစားခဲ့တဲ့ ဇာဗီဆိုင်မွန်စ်ရဲ့စိတ်နေစိတ်ထားကိုလည်း သဘောကျပါတယ်။ သူ့ရဲ့စိတ်ပိုင်းဖြတ်မှုနဲ့ အာရုံစူးစိုက်မှုကိုလည်း သဘောကျပါတယ်။ သူ့မှာ အဆုံးအဖြတ်ပေးနိုင်မယ့် အခိုက်အတန့်အချို့ရှိခဲ့တယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။
အခုနိုင်ပွဲအပြီး တော့တင်ဟမ်အတွက် အနုတ်လက္ခဏာဆောင်တဲ့အချက်တစ်ခုက ဒုတိယပိုင်းပွဲချိန်အတွင်း လူစားလဲလှယ်ခဲ့ရတဲ့ ဘာ့ဂျ်ဗေးဒဏ်ရာရရှိမှုပဲ ဖြစ်ပါတယ်။ သောမတ်စ်ဖရန့်ခ်က “ ထိတွေ့မှုတစ်ခုမှတဆင့် ထွက်ပေါ်လာတဲ့ ဒဏ်ရာဖြစ်ပါတယ်။ အခုတော့ သူ့ကို စစ်ဆေးပေးရမှာဖြစ်ပြီး ကြာသပတေးနေ့ကျရင် ပိုပြီးသိရပါလိမ့်မယ်”လို့ ပြောပါတယ်။