
ဗြိတိန်နိုင်ငံသွားရောက်ခဲ့တဲ့ ဖလော်ရီယန်ဝစ်ဇ်ရဲ့မိဘတွေနဲ့ပတ်သက်လို့ ထုတ်ဖော်ပြောဆိုလာတဲ့ ဘိုင်ယန်အကြီးအကဲ
အပြောင်းအရွှေ့တိုက်ပွဲပြင်းထန်လာချိန် မန်စီးတီး၊ လီဗာပူးတို့ဆီ အလည်အပတ်ရောက်ရှိလာတဲ့ ဖလော်ရီယန်ဝစ်ဇ်ရဲ့ခရီးစဉ်နဲ့ပတ်သက်လို့ ဘိုင်ယန်မြူးနစ်အကြီးအကဲမက်အီဘရယ်လ်က သူ့ရဲ့အမြင်ကို ထုတ်ဖော်ခဲ့ပါတယ်။
အခုသီတင်းပတ်အတွင်း ထွက်ပေါ်လာတဲ့သတင်းတွေမှာ ဖလော်ရီယန်ဝစ်ဇ်နဲ့ သူ့မိသားစုဝင်တွေက ဗြိတိန်မြေဆီ ရောက်ရှိလာပြီး လီဗာပူး၊ မန်စီးတီးတို့ရဲ့ကိုယ်စားလှယ်တွေနဲ့ အလွတ်သဘောတွေ့ဆုံမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြခဲ့ကြပါတယ်။ မန်စီးတီးနည်းပြပက်ဂွါဒီယိုလာကလည်း အသင်းမှထွက်ခွာတော့မယ့် ဒီဘရိုင်းရဲ့နေရာမှာ အစားထိုးနိုင်မယ့်သူအဖြစ် ဖလော်ရီယန်ဝစ်ဇ်ကို မျက်စိကျနေတယ်လို့ သတင်းတွေအရ သိရပါတယ်။ အလားတူ ပူပူနွေးနွေးပရီးမီးယားလိဂ်ချန်ပီယံလီဗာပူးကလည်း အသင်းရဲ့ကွင်းတွင်းဖန်တီးနိုင်စွမ်းအားကို တိုးမြှင့်လာစေရေးအတွက် ဆင့်ကဲဖြစ်ထွန်းတိုးတက်နေတဲ့ အသင်းလူစာရင်းမှာ လေဗာကူဆင်ကြယ်ပွင့်ကို ထည့်သွင်းသွားဖို့ စီစဉ်နေပါတယ်။
အခုလိုအင်္ဂလန်ဘက်မှစိတ်ဝင်စားမှုတွေ ရှိနေပေမယ့် ဘိုင်ယန်မြူးနစ်ကတော့ ဖလော်ရီယန်ဝစ်ဇ်ကို ခေါ်ယူနိုင်ရေးပြိုင်ပွဲမှာ အခိုင်အမာရပ်တည်နေဆဲပဲ ဖြစ်ပါတယ်။ ပြည်တွင်းထုတ်ထိပ်တန်းပါရမီရှင်တွေကို ခေါ်ယူလေ့ရှိတဲ့ ဘာဗေးရီးယန်းကလပ်အသင်းက ဂျာမနီရဲ့အတောက်ပဆုံးကြယ်ပွင့်တွေကို ခေါ်ယူရာမှာ အစဉ်အလာအားဖြင့် အောင်မြင်မှုတွေ ရရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေနဲ့ ရင်ဆိုင်ရဖို့ရှိနေခြင်းကို သူတို့ကိုယ်တိုင် အပြည့်အဝနားလည်သဘောပေါက်ထားပါတယ်။
လတ်တလောသတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဘိုင်ယန်မြူးနစ်အားကစားဒါရိုက်တာအီဘရယ်လ်က အခြေအနေတွေကို တည်တည်ငြိမ်ငြိမ်နဲ့ပဲ ရှင်းပြသွားခဲ့ပါတယ်။ ဖလော်ရီယန်ဝစ်ဇ်ရဲ့ လီဗာပူး၊ မန်ချက်စတာ ခရီးစဉ်တွေအကြောင်း မေးမြန်းလာမှုကို အီဘရယ်လ်က “ ဒီခရီးစဉ်တွေကို ဖလော်ရီယန်ဝစ်ဇ်နဲ့ သူ့မိသားစုဝင်တွေ ထွက်ခွာခဲ့တယ်ဆိုရင်လည်း သူတို့မှာ အကြောင်းပြချက်ခိုင်ခိုင်လုံလုံ ရှိနေပါလိမ့်မယ်။ ဒါတွေကို မှတ်ချက်ပေးနေစရာ မလိုပါဘူး။ ဖလော်ရီယန်ဝစ်ဇ်ကိုယ်တိုင် သူ့မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့အတူ လီဗာပူးပဲဖြစ်ဖြစ်၊ မန်ချက်စတာပဲဖြစ်ဖြစ်၊ မက်ဒရစ်ပဲဖြစ်ဖြစ် ဘယ်နေရာမဆို လွတ်လွတ်လပ်လပ်သွားလာလို့ရပါတယ်။
မြူးနစ်မြို့ဘက်မှာလည်း ထင်ကြေးပေးမှုတွေ အများကြီးထွက်ပေါ်နေပါတယ်။ လူတိုင်းမှာ ထင်မြင်ချက်ကိုယ်စီ ရှိကြပါတယ်။ အမှန်ပါပဲ၊ ဘယ်အရာကမှ မလွယ်ကူပါဘူး။ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့အတူ ဒီနွေရာသီက အလွန်ထူးခြားနေပါတယ်။ ဒီလိုထင်ကြေးပေးမှုတွေကို လျစ်လျူရှုထားပြီး ကိုယ့်အလုပ်ကိုယ် အေးအေးဆေးဆေးလုပ်သွားနိုင်ရပါမယ်။ စာချုပ်သက်တမ်းတိုးမှုတွေကို ကျွန်တော်တို့ လုပ်နိုင်ခဲ့သလို အပြောင်းအရွှေ့ကိစ္စရပ်တွေကိုလည်း ဒီအတိုင်းပဲ လုပ်သွားချင်ပါတယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်က ဖလော်ရီယန်ဝစ်ဇ်ကို ပြည်တွင်းမှာ ဆက်ထိန်းထားနိုင်ဖို့ လိုလားနေပေမယ့် လေဗာကူဆင်ဆီမှာလည်း တခြားအကြံအစည်တွေ ရှိနေပြန်ပါတယ်။ ESPN သတင်းဌာနရဲ့အဆိုအရ ဘွန်ဒက်စ်လီဂါကလပ်အသင်းက ပြည်တွင်းပြိုင်ဘက်ကြီးကို အားကောင်းသွားစေမယ့်နည်းလမ်းအစား ပြည်ပသို့ ကစားသမားထွက်ခွာသွားမယ့်အရေးကိုသာ လိုလားနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် မန်စီးတီးက ကစားသမားအတွက် ဘိုင်ယန်မြူးနစ်ရဲ့ပေါင် ၈၄ သန်း(ဒေါ်လာ ၁၁၂ သန်း)တန်ကမ်းလှမ်းမှုထက် သိသိသာသာပိုများမယ့် ပေါင် ၁၂၆ သန်း(ဒေါ်လာ ၁၆၈ သန်း)အထိ သုံးစွဲသွားဖို့ အဆင်သင့်ဖြစ်နေပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။