
အာမိုရင်တစ်ယောက် ခက်ခဲတဲ့အခြေအနေတွေကြုံတွေ့ရဦးမယ်လို့ တန်ဟက်လက်ထောက်ဟောင်း ပြော
မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း အဲရစ်တန်ဟက်ရဲ့ လက်ထောက်ဟောင်းဖြစ်သူ မစ်ရှဲလ်ဗန်ဒါဂတ်က လက်ရှိနည်းပြ ရူဘင်အာမိုရင်အနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ အခက်အခဲတွေ ဆက်လက်ကြုံတွေ့သွားရဦးမှာဖြစ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။
ဗန်ဒါဂတ်ဟာ ၂၀၂၂ ခုနှစ်မှာ တန်ဟက်နဲ့အတူ အေဂျက်စ်မှ ယူနိုက်တက်သို့ လိုက်ပါလာခဲ့သူဖြစ်ပါတယ်။ တန်ဟက်က ၂၀၂၄ အောက်တိုဘာလအထိ အိုးလ်ထရက်ဖို့ဒ်မှာ နေထိုင်ခဲ့ပေမယ့် ဗန်ဒါဂတ်ကတော့ ၂၀၂၄ ဇူလိုင်လမှာပဲ ရာထူးမှဖယ်ရှားခံခဲ့ရတာဖြစ်ပါတယ်။
တန်ဟက်ကိုထုတ်ပယ်ပြီးနောက်မှာ ယူနိုက်တက်ဟာ ပေါ်တူဂီသား ရူဘင်အာမိုရင်ကို အသင်းသို့ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အာမိုရင်လက်အောက်မှာလည်း ယူနိုက်တက်ဟာ သိသိသာသာတိုးတက်လာခဲ့ခြင်းမရှိဘဲ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၆ နေရာမှာရပ်တည်နေပြီး ရာသီကုန်ဖို့က ၂ ပွဲသာ ကျန်ရှိတော့တာဖြစ်ပါတယ်။
သို့သော်လည်း တစ်ဖက်မှာတော့ ယူနိုက်တက်ဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲသို့တက်လှမ်းထားပြီး နောက်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ အလားအလာရှိနေပါတယ်။ ယခုအခါမှာ ဗန်ဒါဂတ်က အသင်းရဲ့ရှယ်ယာရှင် ဆာဂျင်မ်ရက်ကလစ်ဖ်ရဲ့ ထိန်းချုပ်မှုတွေကြောင့် အာမိုရင်အနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ လုပ်ပိုင်ခွင့် ကြီးကြီးမားမားရမှာမဟုတ်ကြောင်း ပြောကြားလာခဲ့ပါတယ်။
ဗန်ဒါဂတ်က "ကစားသမားတွေရဲ့ ယုံကြည်မှုကို ရရှိဖို့ နည်းပြတစ်ယောက်က နိုင်ပွဲတွေ ရယူနိုင်ရပါမယ်။ ရာသီဝက်လောက်မှာ အသင်းတစ်သင်းကို စတင်ဦးဆောင်ရတာက ခက်ခဲပါတယ်။ ပြီးတော့ ယူနိုက်တက်လို ပြောင်းလဲမှုတွေပြုလုပ်နေတဲ့ အသင်းမှာဆိုတော့ ပိုပြီးတော့ ခက်ခဲပါလိမ့်မယ်။ ကလပ်ရဲ့ပုံစံ၊ လေ့ကျင့်ရေးကွင်း၊ အားကစားကွင်း ဒီလိုနေရာတွေမှာ ပြောင်းလဲမှုပြုလုပ်နေပါတယ်။ ဒါကြောင့် အသင်းမှာဆက်မနေနိုင်တဲ့သူကတော့ အလုပ်ဖြုတ်ခံရမှာပါပဲ။ ကလပ်ရဲ့ပတ်ဝန်းကျင်မှာ ပုံစံမျိုးစုံပြောင်းလဲနေပါတယ်။ ထိပ်တန်းနည်းပြတစ်ယောက် ယူနိုက်တက်ကိုရောက်လာပေမယ့် သူ့အနေနဲ့ အမှန်တရားကို ထိပ်တိုက်ရင်ဆိုင်ရပါတယ်။ သူ့မှာ လုပ်ပိုင်ခွင့်အပြည့်အဝမရှိပါဘူး။ သူ့အတွက် ဘယ်အရာကမှ လွယ်ကူမှာမဟုတ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။
လာမယ့်စနေနေ့မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ချဲလ်ဆီးနဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး မေလ ၂၂ ရက်နေ့မှာတော့ ယူရိုပါလိဂ်ဗိုလ်လုပွဲအဖြစ် တော့တင်ဟမ်ကို စပိန်မြေမှာသွားရောက်ရင်ဆိုင်ရပါမယ်။