The network connection is lost.

Banner Image

စွမ်းဆောင်ရည်ကျဆင်းနေတဲ့ ဘာစီလိုနာကြယ်ပွင့်ကို ကာကွယ်ပြောဆိုလာတဲ့ ဟန်ဆီဖလစ်

ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်က အသင်းရဲ့မကြာသေးမီပွဲစဉ်တွေမှာ တောက်လျှောက်ပါဝင်ခွင့်ရနေပေမယ့် စွမ်းဆောင်ရည်ကောင်းကောင်းမပြသနိုင်ဘဲ ခြေစွမ်းကျဆင်းနေတာကြောင့် ပရိသတ်ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ ကွင်းလယ်ကြယ်ပွင့် ဖရန်ကီဒီဂျောင်ကို ကာကွယ်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။ 

ဒီရာသီမှာ ပုံစံကောင်းတောက်လျှောက်ရနေခဲ့တဲ့ ဘာစီလိုနာဟာ လက်ရှိအချိန်မှာတော့ အခက်ခဲဆုံးအချိန်ကာလနဲ့ တွေ့ကြုံနေရပြီး ပြီးခဲ့တဲ့ လာလီဂါပွဲစဉ် ၅ ပွဲမှာ ၁ ပွဲသာအနိုင်ရထားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က ရီးရဲလ်ဘက်တစ်ကို သရေကျခဲ့တဲ့ပွဲစဉ်မှာလည်း ဘာစီလိုနာဟာ အနိုင်ရဖို့နီးစပ်ခဲ့ပေမယ့် ဒီဂျောင်ကြောင့် ပင်နယ်တီပြစ်ဒဏ်ဘောခွင့်ပြုခဲ့ရပြီး သရေရလဒ်သာ ရရှိခဲ့ပါတယ်။ 

သို့သော်လည်း ဘာစီလိုနာနည်းပြ ဖလစ်ကတော့ အင်္ဂါနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီဂျောင်အပါအဝင် အသင်းရဲ့ကစားသမားတွေကို ကာကွယ်ပြောဆိုခဲ့ပါတယ်။ ဂျာမန်သားက “ကျွန်တော့်အတွက်တော့သူက အရမ်းအရေးပါတဲ့ကစားသမားပါ။ ကျွန်တော့်ရဲ့ထင်မြင်ချက်ကတော့ ဒါပါပဲ။ ကျန်တဲ့ အပြင်ကထင်မြင်ချက်တွေကိုတော့ ကျွန်တော်လည်း မထိန်းချုပ်နိုင်ပါဘူး။သူက ပရော်ဖက်ရှင်နယ်ပီသတဲ့ကစားသမားဖြစ်ပြီး လေ့ကျင့်ရေးကွင်းမှာလည်း အကောင်းဆုံးပေးဆပ်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့အတွက်တော့ အရမ်းကိုအရေးပါပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

ဒါ့အပြင် ဘာစီလိုနာ လက်ရှိကြုံတွေ့နေရတဲ့ ရလဒ်ဆိုးတွေနဲ့ ပတ်သက်ပြီးတော့လည်း ဖလစ်က “ကျွန်တော်တို့ ယုံကြည်မှုရှိရှိနဲ့ ကစားနေကျပုံစံအတိုင်း ဆက်ကစားနေဖို့လိုပါတယ်။ အမှားတွေကို မြင်တွေ့ရလောက်တဲ့အထိ ကြိုးစားအားထုတ်သွားရပါမယ်။ အသင်းမှာ စစ်မှန်တဲ့စိတ်ဓာတ်ပိုင်းကို တည်ဆောက်ထားနိုင်ပြီး ဒါက ကျွန်တော်အရမ်းသဘောကျတဲ့အချက်ပါ”

“ဘက်တစ်နဲ့ပွဲမှာ ၂ မှတ်လျော့ခဲ့လို့ နာကျင်ခဲ့ရပါတယ်။ ဒါပေမယ့် နေ့တိုင်းအလုပ်ကြိုးစားပြီး ကောင်းမွန်တဲ့အရာတွေ ပြန်လည်ရရှိဖို့ အလားအလာတွေဖန်တီးသွားပါမယ်။ ကျွန်တော်တို့အသင်းက အရမ်းစည်းလုံးပြီး အသင်းတစ်သင်းအနေနဲ့ပဲ ကစားပါတယ်။ ဒါကို ခင်ဗျားတို့မြင်နိုင်မယ်လို့ထင်ပြီး ပရိသတ်တွေကလည်း ဒါကြောင့်ပဲ ကျွန်တော်တို့ကို ချစ်ခင်ကြတာပါ။ လာမယ့်ဒေါ့မွန်နဲ့ပွဲမှာ အနိုင်ရမယ်လို့ယုံကြည်ပါတယ်။ ဒီပွဲက ၃ မှတ်က နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့အတွက် အရမ်းအရေးပါပါတယ်” လို့ပြောကြားခဲ့ပါတယ်။