နယ်သာလန်ကလပ် မန်နေဂျာတစ်ဦးကို ယူနိုက်တက်နည်းပြအဖွဲ့ဝင်အဖြစ်ထည့်သွင်းဖို့ စီစဉ်နေတဲ့ တန်ဟက်
မန်ချက်စတာယူနိုက်တက်နည်းပြချုပ် အဲရစ်တန်ဟက်ဟာ အလယ်အလတ်အဆင့်အတန်းရှိ နယ်သာလန်ကလပ်မှ နည်းပြ ရီနီဟိတ်ခ်ကို အသင်းရဲ့နည်းပြအဖွဲ့ဝင်အဖြစ် ထည့်သွင်းဖို့စီစဉ်နေပြီး ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဗန်နစ္စတယ်ရွိုင်းဟာလည်း အိုးလ်ထရက်ဖို့ဒ်သို့ နည်းပြအဖွဲ့ဝင်အဖြစ် မကြာမီမှာပဲပြန်လာတော့မှာဖြစ်ပါတယ်။ အခုလို အသက်-၅၂ နှစ်အရွယ် ဟိတ်ခ်နဲ့ နစ္စတယ်ရွိင်းတို့ကိုခေါ်ယူဖို့စီစဉ်နေခြင်းက လက်ရှိယူနိုက်တက်ရဲ့ နည်းပြ အဖွဲ့ဝင်တွေဖြစ်တဲ့ မစ်ချဲလ်ဗန်ဒါဂတ်နဲ့ စတိဗ်မက်ကလာရင်တို့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး မေးခွးန်ထုတ်စရာဖြစ်လာခဲ့ပါတယ်။
ဟိတ်ခ်ဟာ နယ်သာလန်နိုင်ငံရဲ့အရှေ့ဘက်ခြမ်းမှာ ကြီးပြင်းခဲ့တာကြောင့် တန်ဟက်နဲ့ ရေခံမြေခံတူညီတယ်လို့သိရပါတယ်။ ဒါ့အပြင် ဟိတ်ခ်ဟာ တန်ဟက် ကစားသမားဘဝနဲ့ဖြတ်သန်းခဲ့ဖူးတဲ့ အက်ဖ်စီတွမ်တီးမှာ နည်းပြအဖြစ်ဆောင်ရွက်ဖူးခဲ့ပြီး ၂ ယောက်စလုံးဟာ ယူထရန့်ချ်နဲ့ ဂိုးအဟက်အီးဂဲလ်တို့ကိုမှာလည်း နည်းပြအဖြစ်ဆောင်ရွက်ဖူးခဲ့ကြတာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်မှာသာမက ပရီးမီးယားလိဂ်မှာပါ ရလဒ်ဆိုးဝါးခဲ့သော်လည်း ရာသီကုန်သုံးသပ်မှုပြုလုပ်ပြီးနောက်မှာတော့ တန်ဟက်ကို အသင်းမှာ ဆက်လက်ထားရှိဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အသက်-၅၄ နှစ် အရွယ်ရှိပြီဖြစ်တဲ့ တန်ဟက်ဟာ လက်ရှိအချိန်မှာတော့ ယူနိုက်တက်နဲ့စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ စာချုပ်အသစ်အတွက် ဆွေးနွေးမှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။ဆွေးနွေးမှုတွေက အပြုသဘောဆောင်နေတာကြောင့် လာမယ့်ရာသီ မတိုင်ခင်ကျင်းပမယ့် ခြေစမ်းပွဲစဉ်တွေမတိုင်ခင်မှာပဲ ဆွေးနွေးမှုကို အဆုံးသတ်နိုင်ဖွယ်ရှိနေပါတယ်။
လောလောဆယ်မှာတော့ လက်ထောက်နည်းပြတွေဖြစ်တဲ့ ဗန်ဒါဂတ်နဲ့ မက်ကလာရင်တို့ရဲ့အခြေအနေက မရှင်းမလင်းဖြစ်နေပြီး နည်းပြ ၂ ဦးစလုံးဟာ တန်ဟက်စတင်ရောက်ရှိလာတဲ့ ၂၀၂၂ နွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်အသင်းနဲ့စတင်ချိတ်ဆက်ခဲ့ကြတာဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ရဲ့ရှေ့တန်းနည်းပြ ဘင်နီမက္ကာသီကလည်း ရှေ့အပတ်မှာပဲ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ် ချုပ်ဆိုဖို့အလားအလာမရှိဘူးလို့သိရပါတယ်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ နည်းပြအဖွဲ့ဝင် အဲရစ်ရမ်ဆေးက အသင်းကနေ ထွက်ခွာခဲ့တာကြောင့် လက်ကျန်ရာသီမှာ နည်းစနစ်ဒါရိုက်တာ ဒါရင်းဖလက်ချာက လိုအပ်နေတဲ့ကွက်လပ်ကိုဖြည့်ဆည်းပေးခဲ့ပေမယ့် သီအိုရီအရဆိုရင်တာ့ ယူနိုက်တက်ဟာ နည်းပြတစ်ဦးလိုအပ်နေတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဆာဂျင်မ်ရက်ကလစ်ဖ်ရဲ့အဖွဲ့အစည်းက ဂျေဆင်ဝယ်ကော့ဇ်ကို နည်းစနစ်ဒါရိုက်တာသစ်အဖြစ်ခန့်အပ်ခဲ့တာကြောင့် ဖလက်ချာရဲ့အခန်းကဏ္ဍက ဘာဖြစ်လာမလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။