လီဗာပူးကို ဘယ်လိုအသာရအောင်ကစားသွားမလဲဆိုတာ တိတိကျကျထောက်ပြလိုက်တဲ့ တန်ဟက်
မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က အက်ဖ်အေဖလား ကွာတွားဖိုင်နယ်ပွဲစဉ်မှာ ထိပ်တိုက်တွေ့ဆုံနေတဲ့ လီဗာပူးကို ဘယ်လိုအသာရအောင်ကစားသွားမလဲဆိုတာကို တိတိကျကျထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
လက်ရှိရာသီမှာ လီဗာပူးဟာ ကာရာဘောင်ဖလားကို ဆွတ်ခူးထားနိုင်ပြီး လာမယ့် တနင်္ဂနွေနေ့မှာတော့ နောက်ထပ် ဆုဖလားတစ်လုံးပစ်မှတ်အဖြစ် ယူနိုက်တက်နဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။၊ လီဗာပူးက ဖလား ၄ လုံးလမ်းကြောင်းပေါ်မှာရှိနေပြီး အခြေအနေကောင်းနေသလောက် ယူနိုက်တက်ကတော့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေတဲ့အပြင် ချန်ပီယံလိဂ်နဲ့ ကာရာဘောင်ဖလားပြိုင်ပွဲတွေကနေပါ စောစောစီးစီးထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် တန်ဟက်အသင်းရဲ့ နောက်ဆုံးဖလားမျှော်လင့်ချက်ဟာ အက်ဖ်အေဖလားသာကျန်ရှိတော့တာကြောင့် ဒီပွဲမှာတော့ လီဗာပူးကို အတတ်နိုင်ဆုံး ကြံ့ကြံ့ခံရင်ဆိုင်သွားရဖို့ရှိနေတာဖြစ်ပါတယ်။
ယခုအခါမှာတော့ တန်ဟက်က ယူနိုက်တက်ဟာ လီဗာပူးကို အိုးလ်ထရက်ဖို့ဒ်မှာ ဘယ်လိုအသာရအောင်ကစားသွားမလဲဆိုတာကို “ကျွန်တော်တို့ ရဲရဲရင့်ရင့်နဲ့ တတ်နိုင်သလောက် ရှေ့ဆက်တိုးရပါမယ်။ လီဗာပူးရဲ့ခံစစ်လိုင်းမှာ ဟာကွက်တွေ အများကြီးရှိနေပြီး ကျွန်တော်တို့အနေနဲ့ အဲဒါကို အသုံးချဖို့ကြိုးစားမှာပါ။ ဒါပေမယ့် ဒီအဆင့်ကိုရောက်ဖို့ဆိုရင် သူတို့ကိုကျော်ဖြတ်ဖို့၊ ဘောလုံးကောင်းကောင်းကိုင်ထားဖို့နဲ့ နည်းဗျူဟာကောင်းတစ်ခုလိုအပ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး နယ်သာလန်သားက “အချို့ပွဲတွေက သာမန်ပွဲတွေနဲ့မတူပါဘူး။ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးတို့ရဲ့ပွဲစဉ်က အမြဲတမ်းပွဲကြီးပွဲကောင်းပါပဲ။ ပြီးတော့ အခုပွဲက အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်ဆိုတော့ ပိုပြီးကြီးကျယ်ပါတယ်။ ကျွန်တော်တို့ ရှေ့ဆက်နိုင်ဖို့ အားကုန်ကြိုးစားသွားမှာဖြစ်ပြီး လီဗာပူးကလည်း စွမ်းဆောင်ရည်အရမ်းကောင်းတဲ့အသင်းပါ။ သူတို့ရလဒ်ကောင်းတွေအများကြီးရထားပါတယ်။ သူတို့ ခရစ္စမတ်၊ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေမှာ ဆက်တိုက်ဆိုသလို ရလဒ်တွေကောင်းခဲ့တာပါ။ ရလဒ်တွေကောင်းသလို ကစားပုံကလည်း အရမ်းကောင်းပါတယ်” လို့ပြောကြားခဲ့ပါတယ်။