လီဗာပူးမြို့က ဗြိတိန်ရဲ့အကောင်းဆုံးနေရာ မဟုတ်ပါဘူးလို့ သတ်မှတ်ခဲ့တဲ့ မန်စီးတီးဂိုးသမားအော်တေးဂါး
အန်ဖီးလ်ကွင်းအတွင်း နှစ်ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် မန်စီးတီးအသင်းဂိုးသမားအော်တေးဂါးက လီဗာပူးမြို့ကို ဗြိတိန်ရဲ့အကောင်းဆုံးနေရာ မဟုတ်ဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။
လီဗာပူးနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်အတွင်း ဂိုးသမားအော်တေးဂါးက အီဒါဆန်ကိုကျော်ဖြတ်ပြီး မန်စီးတီးအတွက် ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။ ဒါပေမယ့် သူတို့တွေက မာဆေးဆိုဒ်မှာ အရှုံးရလဒ်ကိုသာ ထိုက်ထိုက်တန်တန် ပိုင်ဆိုင်ခဲ့ရပါတယ်။
အခုပွဲစဉ်အတွင်း ပြိုင်ဘက်ပရိသတ်တွေရဲ့ပက်ဂွါဒီယိုလာအပေါ် ရည်ညွှန်းလှောင်ပြောင်တဲ့ ‘Sacked in the morning’ ကြွေးကြော်သံနဲ့ပတ်သက်လို့ မေးမြန်းလာချိန်မှာတော့ အသက်-၃၂ နှစ်အရွယ်ဂိုးသမားက ပြတ်ပြတ်သားသားတုံ့ပြန်ဖြေကြားသွားပါတယ်။
အခုလိုကြွေးကြော်သံတွေက မန်စီးတီးကစားသမားတွေအပေါ် စိတ်အားလှုံ့ဆော်မှုဖြစ်စေသလားဆိုတဲ့ မေးခွန်းကို ဂျာမန်သားက “ဖြစ်နိုင်ပါတယ်။ ဒီမြို့က ဗြိတိန်ရဲ့အကောင်းဆုံးနေရာ မဟုတ်ဘူးလို့လည်း အချို့လူတွေ ကျွန်တော့်ဆီ ပွဲစဉ်မတိုင်ခင်မှာ ပြောပြခဲ့ဖူးပါတယ်။
အမှန်ပဲ၊ ကျွန်တော်တို့နည်းပြကလည်း အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့တယ်လို့ထင်ပါတယ်”လို့ ပြောပါတယ်။
သူ့ရဲ့မှတ်ချက်စကားဘယ်လိုပင်ဖြစ်စေကာမူ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာရှိနေတဲ့ လီဗာပူးအသင်းကတော့ မဟာပြိုင်ဘက်ကြီးဖြစ်တဲ့ ပရီးမီးယားလိဂ်လက်ရှိချန်ပီယံမန်စီးတီးကို ၁၁ မှတ်အထိ ဖြတ်ကာ နှစ်သင်းအကြားရမှတ်ကွာဟမှုကို ကြီးမားသွားစေခဲ့ပါတယ်ပြိုင်ပွဲစုံနောက်ဆုံးခုနစ်ပွဲဆက်နိုင်ပွဲပျောက်ဆုံးထားတဲ့ မန်စီးတီးက လာမယ့်ကြာသပတေးနေ့မနက်ပိုင်း၊ နော်တင်ဟမ်ဖောရက်စ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမယ့်ပွဲစဉ်အတွင်း အနိုင်သုံးမှတ်အပြည့် ပြန်လည်ရယူနိုင်ဖို့ မျှော်လင့်နေပါလိမ့်မယ်။ တချိန်တည်းမှာပဲ လီဗာပူးက နယူးကာဆယ်နဲ့ စိန့်ဂျိမ်းပတ်ခ်မှာ ထိပ်တိုက်ရင်ဆိုင်ကစားသွားရပါမယ်။