ယူရို-၂၀၂၄ ချန်ပီယံစပိန်အသင်းမှ ထွက်ခွာဖွယ်ရှိနေတဲ့ နည်းပြဒီလာဖွန်တေ
ယူရို-၂၀၂၄ ချန်ပီယံအဖြစ် အောင်ပွဲခံပြီးနောက် စပိန်အသင်းနည်းပြဒီလာဖွန်တေက အမေရိကန်လက်ရွေးစင်အသင်းနည်းပြသစ်အဖြစ် တာဝန်ယူဖို့ စိတ်ဝင်စားနေခဲ့ပါတယ်။
အသက်-၆၃ နှစ်အရွယ် ဒီလာဖွန်တေက စပိန်လက်ရွေးစင်အသင်းသမိုင်းတလျှောက် လေးကြိမ်မြောက် ယူရိုချန်ပီယံဆုရယူနိုင်ရေးအတွက် အင်္ဂလန်နဲ့ ရင်ဆိုင်ရတဲ့ ဗိုလ်လုပွဲအပါအဝင် ယှဉ်ပြိုင်ရသမျှ ပွဲစဉ်တိုင်းကို အနိုင်ရရှိအောင် ဦးဆောင်ပေးကာ ဂျာမနီမြေမှာ ပြတ်ပြတ်သားသား အောင်ပွဲခံခဲ့ပါတယ်။
Washington Post သတင်းစာရဲ့အဆိုအရ စပိန်သားနည်းပြက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် စိန်ခေါ်မှုအသစ်တစ်ခုရှာဖွေဖို့ မျှော်လင့်နေခဲ့တယ်လို့ သိရပါတယ်။ ဒီစိတ်လှုပ်ရှားစရာသတင်းမှာပဲ စပိန်ယူ-၂၃ နည်းပြဟောင်းက လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ပူးတွဲအိမ်ရှင်၊ အမေရိကန်လက်ရွေးစင်အသင်းကို ဦးဆောင်သွားဖို့ မျှော်လင့်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒီလာဖွန်တေရဲ့ကိုယ်စားလှယ်တွေက ဒီရာထူးအပေါ်မှာ ကာယကံရှင်ကိုယ်တိုင် စိတ်ဝင်စားမှုရှိနေတယ်ဆိုတဲ့အကြောင်း အမေရိကန်ဘောလုံးအဖွဲ့ချုပ်ဆီ အီးလ်မေးပို့ အကြောင်းကြားခဲ့တယ်လို့ ယုံကြည်ရတဲ့သတင်းရင်းမြစ်တွေဆီမှ သိရပါတယ်။ အမေရိကန်လက်ရွေးစင်အသင်းဘက်ကလည်း နည်းပြဘာဟယ်တာကို ထုတ်ပယ်ပြီးနောက် နည်းပြသစ်တစ်ဦးခန့်အပ်ဖို့အတွက် ရှာပုံတော်ဖွင့်နေပါတယ်။
အခုနှစ်၊ ကိုပါအမေရိကပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရရှိခဲ့ပေမယ့် အမေရိကန်လက်ရွေးစင်အသင်း အုပ်စုအဆင့်မှထွက်ခွာခဲ့ရပြီးနောက် အခုလိုဆုံးဖြတ်ချက်တွေ ထွက်ပေါ်လာခဲ့တာပါ။ အမေရိကန်ဘောလုံးအဖွဲ့ချုပ်အကြီးအကဲတွေကလည်း လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခိုင်မာအားကောင်းတဲ့ ပုံစံတစ်ခု အတူတကွချပြနိုင်ဖို့ ဆုံးဖြတ်ခဲ့ပြီး လက်ရွေးစင်အသင်းရဲ့ထိပ်ပိုင်းနေရာမှာ အောင်မြင်မှုဆီ မောင်းနှင်ပေးနိုင်မယ့်သူတစ်ဦးကို ခန့်အပ်သွားဖို့ မျှော်လင့်နေပါတယ်။ ဒါကြောင့်ပဲ သူတို့တွေက နာမည်ကြီးနည်းပြအချို့ဆီ ချဉ်းကပ်ခဲ့တာပါ။
အစောပိုင်းမှာ အမေရိကန်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေက ပြီးခဲ့တဲ့မေလအတွင်း၊ အန်ဖီးလ်မှာ အောင်မြင်တဲ့ကိုးနှစ်တာကာလကို အဆုံးသတ်ခဲ့တဲ့ လီဗာပူးဂန္တဝင်ယာဂန်ကလော့ပ်ဆီ ချဉ်းကပ်ခဲ့ပါတယ်။ ဒါပေမယ့် ယာဂန်ကလော့ပ်က ဘောလုံးလောကမှ ကာလရှည်အနားယူချင်သေးတယ်လို့ရှင်းပြပြီး ချဉ်းကပ်လာမှုကို ပယ်ချပစ်ခဲ့ပါတယ်။
လော့အိန်ဂျယ်လိစ်မြို့မှာ အထင်ကြီးလောက်စရာနှစ်နှစ်တာကာလကို ကျော်ဖြတ်ပြခဲ့တဲ့ LAFC နည်းပြ ချီရမ်ဒိုလိုကိုလည်း အမေရိကန်လက်ရွေးစင်အသင်းနည်းပြသစ်အဖြစ် ထည့်သွင်းစဉ်းစားခဲ့ပါတယ်။ ဒီလာဖွန်တေကိုယ်တိုင်က ၂၀၂၆ ခုနှစ်၊ ဇူလိုင်လအထိ စပိန်အသင်းနဲ့ စာချုပ်သက်တမ်းရှိနေပါတယ်။ ဒါကြောင့် အခုယူရိုအောင်မြင်မှုအပြီး လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း သူ့ကို အသင်းနဲ့အတူ မြင်တွေ့သွားရမယ်လို့ မျှော်လင့်ရပါတယ်။
စပိန်ဘောလုံးလောကကျွမ်းကျင်သူဘာလာဂွီကတော့ ပြီးခဲ့တဲ့နှစ်၊နေးရှင်းလိဂ်ပြိုင်ပွဲနဲ့ အခုယူရို-၂၀၂၄ ပြိုင်ပွဲတို့မှာ စပိန်လက်ရွေးစင်အသင်း အောင်မြင်မှုရရှိအောင် စွမ်းဆောင်ပေးခဲ့ပေမယ့် ဒီလာဖွန်တေရဲ့လုပ်ခလစာရရှိမှုက အလွန်နည်းပါးလွန်းတယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။
ဒီလာဖွန်တေရဲ့ အမေရိကန်လက်ရွေးစင်အသင်းဆီချဉ်းကပ်လာမှုက စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့ သူ့အပေါ် တန်ဖိုးထားအသိအမှတ်ပြုခြင်းကို သေချာလာစေဖို့ အကြောင်းပြချက်ပဲ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် အမေရိကန်လက်ရွေးစင်အသင်းနည်းပြသစ်ရာထူးကို ဒီလာဖွန်တေရဲ့တစ်နိုင်ငံတည်းသား၊ ချန်ပီယံလိဂ်ဆုရှင်လီဗာပူးနည်းပြဟောင်း ဘင်နီတက်ဇ်လည်း အထူးစိတ်ဝင်စားနေတယ်လို့ ဘာလာဂွီက ဆက်ပြောခဲ့ပါတယ်။