ဟာလန်းရဲ့အခြေအနေနဲ့ပတ်သက်ပြီး အရိုးသားဆုံးထုတ်ဖော်ပြောကြားလာတဲ့ ဒိုကူ
မန်စီးတီးတောင်ပံကစားသမား ဒိုကူက အသင်းဖော်တိုက်စစ်မှူး ဟာလန်းတစ်ယောက် နိုင်ပွဲမရရှိမှုစံချိန်ကို ရပ်တန့်နိုင်ခဲ့ပြီးနောက် အလွန်ပျော်ရွှင်နေတယ်လို့ ပြောကြားလိုက်ပါတယ်။ စီးတီးဟာ နော်တင်ဟမ်ဖောရက်စ်ကို ၃ ဂိုးပြတ်အနိုင်ယူပြီး နိုင်ပွဲမရရှိမှုစံချိန်ကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။
အခုပွဲဟာ စီးတီးအတွက် ပြိုင်ပွဲစုံ ၈ ပွဲမှာ ပထမဆုံးနိုင်ပွဲဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းက အန်ဖီးလ်မှာ လီဗာပူးကို အရေးနိမ့်ခဲ့တာကြောင့် စီးတီးဟာ ၁၁ မှတ်အထိ ကွာဟသွားခဲ့တာဖြစ်ပါတယ်။ အခုအပတ်မှာတော့ လီဗာပူးက နယူးကာဆယ်ကို ၃-၃ သရေကျခဲ့တာကြောင့် စီးတီးအနေနဲ့အနိုင်ရလဒ်ရယူနိုင်ခဲ့တဲ့အနေအထားမှာ ၉ မှတ်သာ ကွာဟတော့တာဖြစ်ပါတယ်။
ဖောရက်စ်ကိုအနိုင်ရပြီးနောက် ဒိုကူက “မှန်ပါတယ်။ ကျွန်တော်တို့ ဒီနိုင်ပွဲကို စောင့်နေတာပါ။ အသင်းအနေနဲ့ ခက်ခဲခဲ့တယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ကျွန်တော်တို့ အခက်အခဲတွေကို ကျော်လွှားပြီးအနိုင်ရအောင် ကြိုးစားခဲ့ပါတယ်။
အဲ့တာက ခက်ခဲခဲ့ပါတယ်။ အပြင်ဘက်က ဆူညံမှုတွေကို ကျွန်တော်တို့ နားမထောင်ခဲ့ပါဘူး။ ကိုယ့်အလုပ်ပဲသေချာလုပ်ပြီး ကြိုးစားခဲ့ပါတယ်။ ဒီနေ့ပွဲက ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ မနက်ဖြန်မှာ ကျွန်တော်တို့ ပြန်လည်ကြံ့ခိုင်မှုလုပ်ဆောင်ပြီး အခုလိုမျိုးဆက်လက်လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်။ ဟာလန်းက ဂုဏ်ယူတယ်လို့ ပြောခဲ့ပါတယ်။ အဲ့တာက သာမန်ပါပဲ။ သူက တိုက်စစ်မှူးတစ်ဦးပါ။
ပြီးတော့ သူက ဘောလုံးလိုချင်ပါတယ်။ ကျွန်တော် သူ့ကိုပဲကြည့်နေရတာပါ။ အဲ့နောက် လှုပ်ရှားမှုတစ်ခုမှာ ကျွန်တော်ကန်လိုက်ပါတယ်။ အဲ့တာက ဂိုးဖြစ်နိုင်သလို လွဲချော်တာလည်း ဖြစ်နိုင်ပါတယ်။ ဒီနေ့မှာတော့ ဂိုးတစ်ဂိုးဖြစ်ခဲ့ပါတယ်။
အာလင်းက တိုက်စစ်မှူးတစ်ဦးဆိုတော့ ဂိုးမသွင်းနိုင်ရင် မပျော်ပါဘူး။
သူက ဘောလုံးတိုင်းမရနိုင်ဘူးဆိုတာ သူသိပါတယ်။ ဒါကြောင့် သူ့အနေနဲ့ အကောင်းဆုံးနေရာမှာပဲ နေချင်ပါတယ်။ ဂိုးမရခဲ့တာကတော့ သူ့အတွက် ကံမကောင်းတာပါ။ ဒီနေ့မှာ သူကအသင်းအတွက် ဘယ်လောက်အရေးကြီးလဲဆိုတာ မြင်နိုင်ပါတယ်”လို့ ဒိုကူက ပြောကြားခဲ့ပါတယ်။ စီးတီးဟာ လာမယ့်စနေနေ့မှာ ပဲလေ့စ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အခုနိုင်ပွဲအရှိန်အဟုန်ကို ဆက်ထိန်းနိုင်ဖို့ မျှော်လင့်နေပါတယ်။