The network connection is lost.

Banner Image

အသင်းရဲ့ စရိုက်လက္ခဏာကို ပြသနိုင်ခဲ့ပေမယ့် အခုထက်ပိုပြီးအောင်မြင်ချင်သေးတယ်လို့ ဆိုလိုက်တဲ့ ဆောက်ဂိတ်

ဒီနေ့မနက်ပိုင်း၊ ယူရို-၂၀၂၄ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ နယ်သာလန်အသင်းကို နောက်ကျဂိုးဖြင့် အနိုင်ယူခဲ့မှုက အင်္ဂလန်အသင်းရဲ့ ဇွဲကြီးမှုနဲ့ စရိုက်လက္ခဏာကောင်းကို ပြသနိုင်ခဲ့တာဖြစ်ပြီး နှစ် ၆၀ နီးပါး မေဂျာဆုဖလားအောင်ပွဲ ဝေးကွာနေမှုကို အဆုံးသတ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ နည်းပြဆောက်ဂိတ်က ပြောပါတယ်။

လူစားဝင်ကစားသမား အိုလီဝက်ကင်စ်ရဲ့ ၉၁ မိနစ်သွင်းဂိုးက အင်္ဂလန်အသင်းအတွက် နှစ်ကြိမ်ဆက် ဥရောပချန်ပီယံရှစ်ဗိုလ်လုပွဲဆီ တက်ရောက်နိုင်ရေးအိပ်မက်ကို အကောင်အထည်ဖော်ပေးခဲ့ပါတယ်။ အစောပိုင်းအဆင့်ပွဲစဉ်တွေအတွင်း အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းအပေါ် ဝေဖန်မှုတွေအတွက် ဒီနေ့ပွဲစဉ်စွမ်းဆောင်ရည်ပိုင်းက ပြတ်သားတဲ့အဖြေတစ်ခု ဖြစ်ခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဆောက်ဂိတ်က “ကျွန်တော်တို့အားလုံးလည်း ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကို လိုချင်ကြတာပါပဲ၊ ဟုတ်ပါသလား? တိုင်းပြည်အတွက် တစ်ခုခုကို ကိုယ်ကဖန်တီးပေးနေတယ်ဆိုရင် ဂုဏ်ယူဖွယ်အင်္ဂလိပ်တစ်ဦး ဖြစ်လာပါမယ်။ ဝေဖန်မှုတွေကို ကြားသိရချိန်မှာတော့ ဒီလိုလုပ်ဆောင်ရမှုတွေက ခက်ခဲလာပါတယ်။ ဒုတိယမြောက်ယူရိုဖိုင်နယ်ဆီ တက်ရောက်ခွင့်ရရှိတာကတော့ အရမ်းထူးခြားလွန်းပါတယ်။ နှစ်ပေါင်း ၅၀ ကျော်အတွင်း ကျွန်တော်တို့က ပရိသတ်တွေ အတွက် စိတ်လှုပ်ရှားစရာအကောင်းဆုံး အခိုက်အတန့်တွေကို ဖန်တီးပေးနိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းက ယူရို-၂၀၂၀ ဗိုလ်လုပွဲကြီးမှာ အီတလီအသင်းကို ပယ်နယ်တီဖြင့် အရေးနိမ့်ခဲ့ပေမယ့် လာမယ့်တနင်္ဂနွေနေ့၊ ဘာလင်မြို့မှာတော့ ယခင်ထက်ပိုကောင်းတဲ့ ရလဒ်တစ်ခုကို ဖန်တီးဖို့ အခွင့်အရေးရှိနေပါတယ်။ “ဒါက ပိုပြီးခေတ်မီလာတဲ့ အင်္ဂလန်ရဲ့နည်းလမ်းကို ပြသနေတာဖြစ်သလို ဒီအသင်းရဲ့ဇွဲကြီးမှုနဲ့ စရိုက်လက္ခဏာကောင်းတွေကိုလည်း ပြသနေပါတယ်။ ဝက်ကင်စ်က ဒီလိုမျိုးကန်သွင်းနိုင်ဖို့ နေ့တိုင်း လေ့ကျင့်နေခဲ့ပါတယ်။ ဘယ်လောက်ပဲ စိတ်ပျက်နေပါစေ၊ ဝက်ကင်စ်က သူ့ရဲ့အခိုက်အတန့်တွေအတွက် အခုလိုမျိုး လေ့ကျင့်ထားခဲ့ပါတယ်။ သူတို့အချင်းချင်းကြားမှာလည်း တစ်ဦးနဲ့တစ်ဦး အပြန်အလှန်အားပေးနေကြသလို ကောင်းမွန်တဲ့ ဆက်ဆံရေးလည်း ရှိပါတယ်။ ဒါကို ဒီညမှာ ဥပမာတစ်ခုအဖြစ် ပြသနိုင်ခဲ့ပါတယ်”လို့ ဆောက်ဂိတ်က ပြောပါတယ်။

ဆောက်ဂိတ်ရဲ့အသင်းက အခုနိုင်ပွဲမတိုင်ခင် ကွာတားဖိုင်နယ်အဆင့်မှာ ဆွစ်ဇာလန်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ကျော်ဖြတ်လာခဲ့ရပါတယ်။ ဆောက်ဂိတ်ကတော့ သူ့ရဲ့အသင်းဟာ၂၀၁၈ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်၊ ခရိုအေးရှားကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး ရှုံးထွက်ပွဲစဉ်တွေအကြောင်း သင်ယူနိုင်ခဲ့တယ်လို့ ရှင်းပြပါတယ်။

အင်္ဂလန်အသင်းနည်းပြက “ရှုံးထွက်ပွဲစဉ်ဆီ ကျွန်တော်တို့တွေ ပိုပြီးတည်တည်ငြိမ်ငြိမ်နဲ့ တက်လှမ်းလာပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်၊ ရုရှားမြေမှာ ရှုံးထွက်ပွဲစဉ်တစ်ခုကို ကျွန်တော်တို့ အနိုင်မရခဲ့ပါဘူး။ နိုင်ငံရပ်ခြားမှာ ဗိုလ်လုပွဲအဆင့်ဆီ ပထမဆုံးအကြိမ်တက်ရောက်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့လို့ အရမ်းဂုဏ်ယူမိပါတယ်”လို့ ပြောပါတယ်။

အင်္ဂလန်က ၁၉၆၆ ကမ္ဘာ့ဖလားချန်ပီယံဆုကို အမိမြေမှာ ရယူနိုင်ခဲ့သလို ယူရို-၂၀၂၀ ဗိုလ်လုပွဲကလည်း ဝင်ဘာလေကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာပါ။ လက်ရှိမှာတော့ သူတို့တွေက အခုယူရိုပြိုင်ပွဲအတွင်း ခြေစွမ်းပြသနေတဲ့ စပိန်အသင်းနဲ့ ထပ်တိုက်ရင်ဆိုင်သွားရပါလိမ့်မယ်။

ဒီပြိုင်ဘက်နဲ့ပတ်သက်လို့ ဆောက်ဂိတ်က “ပထမဆုံးအနေနဲ့ သူတို့ကို ဘောလုံးပိုင်ဆိုင်မှုမရရှိအောင် လုပ်သွားရပါမယ်။  ဒါက ကျွန်တော်တို့အသင်း ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူထားတာလောက်တော့ မရိုးရှင်းပါဘူး။ ကျွန်တော်တို့တွေ ဘောလုံးပိုင်ဆိုင်ထားချိန်မှာရော၊ ဘောလုံးဆုံးရှုံးချိန်မှာပါ အကောင်းဆုံးဖြစ်နေဖို့ လိုအပ်ပါတယ်။ သူတို့က အသင်းကောင်း တစ်ခုဖြစ်ပါတယ်”လို့ ဆိုပါတယ်။

စပိန်အသင်းထက် နားရက်တစ်ရက်လျော့နည်းရမှုအပေါ် သူက “ပွဲစတင်လာတာနဲ့ ကျွန်တော်တို့ရဲ့အကောင်းဆုံးပုံစံကို ပြသသွားနိုင်ရပါမယ်။ ဒါပေမယ့် ကျွန်တော်တို့ အခုလိုစွမ်းဆောင်ရည်ကောင်းတွေကြောင့် ဒီအဆင့်ဆီ ရောက်ရှိလာခဲ့တာပါ။ သူတို့လိုပဲ ကျွန်တော်တို့မှာလည်း အခွင့်အရေးရှိပါတယ်။ ကျွန်တော်တို့ ဗိုလ်စွဲနိုင်ဖို့အတွက် ဒီပြိုင်ပွဲဆီ ရောက်ရှိလာတာပါ။ ကြီးလေးတဲ့  တာဝန်တစ်ရပ်ဆိုပေမယ့် ဒီအဆင့်မှာ ကျွန်တော်တို့ ဆက်လက်တိုက်ပွဲဝင်နိုင်ပါသေးတယ်”လို့ ဆက်ပြောပါတယ်။