
ပက်ဒရိုနဲ့ ဒီလပ်တို့က အလွန်တော်တဲ့တိုက်စစ်မှူးတွေဖြစ်တယ်လို့ ပယ်လ်မာချီးကျူး
ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့် ကိုးလ်ပယ်လ်မာက ယခုနွေရာသီအတွင်း နည်းပြကြီး အန်ဇိုမာရက်စ်ကာခေါ်ယူထားခဲ့တဲ့ တိုက်စစ်မှူးသစ် ဂျာအိုပက်ဒရိုနဲ့၊ လီယမ်ဒီလပ်တို့ဟာ အလွန်တော်တဲ့ကစားသမားတွေဖြစ်ကြောင်း ချီးကျူးပြောဆိုလာခဲ့ပါတယ်။
မာရက်စ်ကာဟာ ယခင်က မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာရဲ့လက်ထောက်နည်းပြအဖြစ်လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းမှာ လက်စတာကိုကိုင်တွယ်ခဲ့ကာ ယခုအခါမှာတော့ ချဲလ်ဆီးကို အကောင်းဆုံးဦးဆောင်ထားနိုင်သူဖြစ်ပါတယ်။ မာရက်စ်ကာရဲ့ဦးဆောင်မှုနဲ့အတူချဲလ်ဆီးဟာ ပြီးခဲ့တဲ့ရာသီက ကွန်းဖရန့်လိဂ်ဆုဖလားကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ဆွတ်ခူးခဲ့သလို၊ ချန်ပီယံလိဂ်ဝင်ခွင့်လည်းရရှိခဲ့ပါတယ်။
ဒါ့အပြင် ယခုနွေရာသီအတွင်းကျင်းပခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း မာရက်စ်ကာရဲ့ချဲလ်ဆီးဟာ ချန်ပီယံလိဂ်ချန်ပီယံ ပီအက်စ်ဂျီကို ဂိုးပြတ်အနိုင်ယူပြီး ဆုဖလားကိုဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကစတင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာတော့ ချဲလ်ဆီးဟာ ခရစ္စတယ်ပဲလေ့စ်ကို ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ၀-၀ နဲ့သရေကျခဲ့ပါတယ်။
ယခုအခါမှာ ချဲလ်ဆီးအနေနဲ့ ကလပ်ကမ္ဘာ့ဖလားကိုဆွတ်ခူးနိုင်ခဲ့တာကြောင့် ယခင်ကထက် ဆုဖလားတွေရရှိဖို့ ဖိအားတွေပိုမိုများပြားလာသလားလို့မေးမြန်းခဲ့ရာ ပယ်လ်မာက "မှန်ပါတယ်။ ကလပ်ရဲ့အခုသွားနေတဲ့ပုံစံနဲ့ လမ်းကြောင်းအရ အားလုံးလည်း စိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော်တို့ ဆုဖလားတွေ အမြဲတမ်းဆွတ်ခူးသင့်ပါတယ်" လို့ဖြေကြားခဲ့ပါတယ်။
ယခုနွေရာသီအတွင်း ချဲလ်ဆီးဟာ ပြောင်းရွှေ့ကြေးပေါင်သန်း ၂၅၀ ကျော်အထိအသုံးပြုပြီး ဂျာအိုပက်ဒရို၊ ဂျော်ရဲလ်ဟာတို၊ ဂျေမီဂစ်တန်စ်နဲ့ လီယမ်ဒီလပ်တို့ကိုခေါ်ယူအားဖြည့်ထားပါတယ်။ ဆက်လက်ပြီး ပယ်လ်မာက ပေါင်သန်း ၆၀ တန်အသင်းဖော်သစ် ပက်ဒရိုနဲ့တွဲဖက်ကစားရတဲ့အပေါ် အလွန်ဝမ်းသာမိကြောင်းပြောကြားလာခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင်က "ပက်ဒရိုက အရမ်းတော်တဲ့ကစားသမားပါ။ သူနဲ့အတူ ကစားခွင့်ရတာ ဝမ်းသာပါတယ်။ ကျွန်တော်တို့ လေ့ကျင့်ရေးအတူတူလုပ်တဲ့အခါတိုင်း သူနဲ့ကျွန်တော့်ကြားက အချိတ်အဆက်က မယုံနိုင်လောက်အောင်ကောင်းပါတယ်။ သူ အသင်းကိုရောက်လာတာ အရမ်းကောင်းပါတယ်။ သူက ကစားသမားကောင်းတစ်ယောက်ဆိုတာ အရင်ကတည်းက သိပေမယ့် အခုတော့ ပိုသိလာရပါပြီ" လို့ချီးကျူးပြောဆိုခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ပယ်လ်မာက ပေါင်သန်း ၃၀ တန်တိုက်စစ်မှူးသစ် ဒီလပ်နဲ့ပတ်သက်ပြီးတော့လည်း "ဒီလပ်ကတော့ ထူးခြားတဲ့ကစားသမားပါ။ သူက ပက်ဒရိုနဲ့မတူသလို၊ အခြားဘယ်တိုက်စစ်မှူးနဲ့မှလည်း မတူပါဘူး။ ရိုးရိုးရှင်းရှင်းကစားတတ်ပြီး အရမ်းစိတ်ဓာတ်ပြင်းထန်ပါတယ်။ နောက်တန်းကစားသမားတွေအတွက် ထိန်းသိမ်းရခက်တဲ့ တိုက်စစ်မှူးမျိုးဖြစ်ပြီး ကျွန်တော်မြင်ဖူးသမျှကစားသမားတွေထဲမှာ သူ့လောက်အဆုံးသတ်ကောင်းတဲ့လူမရှိပါဘူး" လို့ချီးကျူးခဲ့ပါတယ်။
လာမယ့်စနေနေ့မှာတော့ ချဲလ်ဆီးဟာ ဒုတိယမြောက်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းကိုအဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး နိုင်ပွဲစတင်ရရှိအောင်စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။