
ဘုန်းမောက်ကို အနိုင်ရရှိတဲ့ပွဲစဉ်က အခုရာသီ၊ အခက်ခဲဆုံးပွဲစဉ်တွေအနက် တစ်ပွဲပဲလို့ အန်းစလော့ပြောဆို
မိုဆာလက်ရဲ့သွင်းဂိုးတွေနဲ့ အမှတ်ပြည့်ရရှိခဲ့ပေမယ့် လီဗာပူးနည်းပြအန်းစလော့ကတော့ ယမန်နေ့ညပိုင်း၊ ဘုန်းမောက်ကို ၂-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်အတွင်း အခုရာသီ၊ အခက်ခဲဆုံးစမ်းသပ်မှုတစ်ခုကို ကျော်ဖြတ်ပြနိုင်ခဲ့တဲ့ သူ့အသင်းရဲ့စိတ်ဓါတ်ကြံ့ခိုင်မှုကို အထင်ကြီးနေခဲ့ပါတယ်။
အခုပွဲစဉ်အတွင်း နှစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ မိုဆာလက်ကလည်း သွင်းဂိုး ၁၇၈ ဂိုးဖြင့် ချဲလ်ဆီးဂန္တဝင်လမ်းပတ်ကို ကျော်ဖြတ်ကာ ပရီးမီးယားလိဂ်သမိုင်းတလျှောက်သွင်းဂိုးအများဆုံးကစားသမားစာရင်းရဲ့အဆင့်-၆ နေရာဆီ တက်လှမ်းလာခဲ့ပါတယ်။
အခုပွဲစဉ်မှာ လီဗာပူးအသင်းက မိုဆာလက်ရဲ့သွင်းဂိုးတွေကို ရရှိခဲ့ပေမယ့် ပွဲချိန်တလျှောက်လုံး အိမ်ရှင်ဘုန်းမောက်ရဲ့ဖိအားပေးမှုကို ကြံ့ကြံ့ခံတွန်းလှန်ခဲ့ရပါတယ်။
ဘုန်းမောက်အသင်းတိုက်စစ်မှူးတွေရဲ့ ကန်ချက်နှစ်ကြိမ် တိုင်ထိထွက်ခဲ့သလို သွင်းဂိုးတစ်ဂိုးကိုလည်း လူကျွံဘောအဖြစ်သတ်မှတ်ကာ ပယ်ဖျက်ခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ လီဗာပူးအသင်းက ပရီးမီးယားလိဂ်နောက်ဆုံး ၁၉ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်းကို ဆက်လက်ရေးထိုးနိုင်ခဲ့သလို အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ကိုးမှတ်ဖြတ်ကာ ရပ်တည်နိုင်ခဲ့ပါတယ်။
ဘုန်းမောက်ကို အိမ်ကွင်းအန်ဖီးလ်မှာ ဂိုးကန်သွင်းမှု ၁၉ ကြိမ်ပြုလုပ်ကာ အနိုင်ယူခဲ့တဲ့ ပွဲစဉ်ကို ရည်ညွှန်းရင်း အန်းစလော့က “ တိုက်ပွဲတစ်ခုလို ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုလိုမျိုးဖြစ်လာလိမ့်မယ်ဆိုတာ ကျွန်တော်တို့ ကြိုသိခဲ့ပါတယ်။ ကျွန်တော်တို့အသင်းအိမ်ကွင်းမှာ သုံးဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ပွဲစဉ်တုန်းကလည်း သူတို့တွေက ကောင်းမွန်တဲ့စိတ်ဓါတ်၊ အရည်အသွေးတွေနဲ့အတူ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။
ဘုန်းမောက်က အသင်းကောင်းများစွာကို အနိုင်ယူခဲ့ပြီး ဒါက ကံကောင်းနေလို့ မဟုတ်ပါဘူး။ သူတို့တွေမှာ အားထုတ်မှုအပြည့်၊ အရည်အချင်းအပြည့်ရှိပြီး ပြိုင်ဘက်ကို အခက်တွေ့အောင် ယှဉ်ပြိုင်ကစားနိုင်စွမ်း ရှိပါတယ်။
အခုလိုမျိုးအခက်တွေ့အောင် လုပ်ဆောင်နိုင်တဲ့ ပြိုင်ဘက်ဆိုတာ အနည်းအကျဉ်းပဲရှိပါတယ်။ သူတို့ရဲ့မြန်နှုန်းတွေကလည်း မြင့်မားလှပါတယ်။ ဒါကြောင့် သူတို့နဲ့ရင်ဆိုင်ပြီး ပြေးလွှားတိုက်ပွဲဝင်ချင်တယ်ဆိုရင် သူတို့လိုပဲစွမ်းဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါကိုပဲ ကစားသမားတွေ လုပ်ဆောင်ပြခဲ့ပါတယ်”လို့ ပြောပါတယ်။ ဆက်လက်ပြီး အန်းစလော့က မိုဆာလက်နဲ့ ဂိုးသမားအလီဆင်တို့ကို စံနမူနာပြဦးဆောင်သူတွေအဖြစ် ရွေးချယ်သတ်မှတ်ခဲ့ပါတယ်။
ဒတ်ချ်လူမျိုးနည်းပြက “ အခုလိုပြိုင်ဆိုင်မှုပြင်းထန်တဲ့ပြိုင်ဘက်ကို အနိုင်ရရှိချင်တယ်ဆိုရင် အသင်းလိုက်စွမ်းဆောင်ရည်တစ်ခုနဲ့ လုပ်အားနှုန်းတစ်ခု လိုအပ်ပါတယ်။ ဒီအရာက ကျွန်တော်တို့မှာ ရှိနေပြီး မတူကွဲပြားမှုကိုလုပ်ဆောင်ပေးနိုင်မယ့် အရည်အသွေးရှိပုဂ္ဂိုလ်အချို့သာ လိုအပ်ပါတယ်။ မိုဆာလက်ရဲ့ဂိုးဆိုရင်လည်း လုံးဝအရည်အသွေးအပြည့်ရှိပြီး အလီဆင်ရဲ့ဂိုးပေါက်ကာကွယ်မှုတွေကလည်း ကောင်းမွန်လှပါတယ်။ ဒါပေမယ့် သူတို့တင်မဟုတ်ပါဘူး။ ဒီနေ့မှာ ခံစစ်ကို အဓိကကာကွယ်ပေးခဲ့တဲ့ ကျွန်တော်တို့ရဲ့ဗဟိုခံစစ်မှူးတွေကလည်း အထင်ကြီးလောက်စရာကောင်းခဲ့ပါတယ်”လို့ ဆိုပါတယ်။
လိဂ် ၁၅ ပွဲကစားဖို့ ကျန်ရှိနေချိန်မှာပဲ ချန်ပီယံဆုဆီ လီဗာပူးတို့ တဖြည်းဖြည်းချဉ်းကပ်လာပေမယ့် အန်းစလော့ကတော့ ဒီကိစ္စတွေတွေးတောဖို့ဆိုတာ အဝေးကြီးလိုသေးတယ်လို့ ယူဆနေပါတယ်။ အန်းစလော့က “ သူတို့ဆီမှ ကျွန်တော်လိုချင်တဲ့အရာနဲ့ သူတို့အချင်းချင်းဆီမှ သူတို့ကိုယ်တိုင် လိုချင်တဲ့အရာက အမြင့်ဆုံးရလဒ်ကိုရရှိဖို့ ပထမဆုံးစက္ကန့်မှစပြီး နောက်ဆုံးစက္ကန့်အထိ ပွဲစဉ်တိုင်းမှာ တိုက်ပွဲဝင်သွားဖို့ ဖြစ်ပါတယ်။ ဒါကပဲ ပရိသတ်တွေကိုယ်တိုင် ဒီအသင်းအတွက် ကစားပေးနေသူတွေဆီမှ မျှော်လင့်ထားတဲ့အရာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။