
ဒေကိုရဲ့မှတ်ချက်နဲ့ပတ်သက်ပြီး တုံ့ပြန်ပြောကြားလာတဲ့ စလော့
လီဗာပူးနည်းပြ စလော့က ဘာစီလိုနာအားကစားဒါရိုက်တာ ဒေကိုရဲ့ လီဗာပူးစတား ဒီယက်ဇ်ကို လိုချင်တယ်ဆိုတဲ့မှတ်ချက်အပေါ် ပြန်လည်တုံ့ပြန်လိုက်ပါတယ်။ ဒေကိုက မီဒီယာတွေနဲ့အင်တာဗျူးမှာ မိမိတို့အသင်းဟာ လီဗာပူးစတား ဒီယက်ဇ် နဲ့ ယူနိုက်တက်စတား ရက်ရှ်ဖို့ဒ်တို့ကို ခေါ်ယူချင်နေတယ်လို့ ဖြေကြားခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါဖြေကြားမှုဟာ သက်ဆိုင်ရာအသင်းတွေကို မလေးစားသလိုဖြစ်နေတာဖြစ်ပါတယ်။ ဘာစီလိုနာဟာ ယာမဲလ် နဲ့ ရာဖင်ဟာတို့ရှိနေပေမယ့် တောင်ပံတိုက်စစ်ပိုင်းကို ထပ်မံအားဖြည့်ချင်နေတာဖြစ်ပါတယ်။
ကစားသမားသစ်ခေါ်ယူရေးနဲ့ပတ်သက်ပြီး ဒေကိုက “အခြားအသင်းကစားသမားတွေအကြောင်းပြောတာက မလေးစားသလိုဖြစ်စေပါတယ်။ ကျွန်တော်တို့ ဒီယက်ဇ်ကို ကြိုက်ပါတယ်။ ရက်ရှ်ဖို့ဒ်ကိုလည်း ကြိုက်ပါတယ်။ အခြားကစားသမားတွေကိုလည်း ကြိုက်ပါတယ်။ ဈေးကွက်ထဲဝင်ချိန်မှာ ကျွန်တော်တို့မှာ နာမည်တွေရှိပြီးသားဖြစ်သလို အသင်းအတွက်လည်း အကျိုးပြုနိုင်မယ့်ကစားသမားမျိုးတွေခေါ်ယူချင်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။
ဒေကိုရဲ့မှတ်ချက်ကို စလော့က သတင်းစာရှင်းပွဲမှာ “အသင်းတိုင်းမှာ သူတို့နည်းလမ်းနဲ့သူတို့ရှိပါတယ်။
အချက်အလက်တွေကို အသုံးချတာဖြစ်ပြီး လက်မှတ်မထိုးရသေးတဲ့ကစားသမားတွေအကြောင်း ကျွန်တော်ဆို မပြောပါဘူး။ သူက ဒီယက်ဇ်ရဲ့အမာခံပရိသတ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်လည်း သူ့ရဲ့အမာခံပရိသတ်ပါ။ သူက တကယ့်ထိပ်တန်းကစားသမားဖြစ်ခဲ့သလို ကောင်းမွန်တဲ့ရာသီတွေလည်း ရှိခဲ့ပါတယ်။ သူ(ဒေကို)က ကစားသမားအနည်းငယ်ကို နှစ်သက်သလို ကျွန်တော်လည်း ယာမဲလ် နဲ့ ရာဖင်ဟာတို့ကို အများကြီးနှစ်သက်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ဒီယက်ဇ်ကို ပေါ်တိုအသင်းထံကနေ ခေါ်ယူခဲ့တာဖြစ်ပြီး စာချုပ်သက်တမ်းက ၂ နှစ်ကျန်နေသေးပေမယ့် ကာလရှည်စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အသင်းတာဝန်ရှိသူတွေဘက်ကတော့ ဒီယက်ဇ်ကို အာနိုးလ်လိုမျိုးထပ်ဖြစ်မှာ စိုးရိမ်နေပြီး အလျင်အမြန်လုပ်ဆောင်နေပါတယ်။ ဘာစီလိုနာအနေနဲ့ ဒီယက်ဇ်အတွက် မြင့်မားတဲ့ကမ်းလှမ်းမှုမျိုးပြုလုပ်လာနိုင်ချေရှိနေပေမယ့် စလော့က ဒီယက်ဇ်ကို အသင်းမှာဆက်ထိန်းထားချင်နေပါတယ်။
နောက်ထပ်သတင်းတွေအရ လီဗာပူးအသင်းဟာ လေဗာကူဆင်စတား ဝီရက်ဇ်ကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်နေတယ်လို့ သိရပြီး ဂျာမန်သားဟာ လီဗာပူးအသင်းကွင်းလယ် ဒါမှမဟုတ် တိုက်စစ်ပိုင်းမှာပါ အံဝင်နိုင်တာဖြစ်ပါတယ်။