The network connection is lost.

Banner Image

မိုဆာလက်ရဲ့လတ်တလောဂိုးမိုးခေါင်မှုအတွက် အကြောင်းရင်းကို ရှင်းပြလိုက်တဲ့ အန်းစလော့

နှစ်နှစ်ကျော်ကြာကာလအတွင်း အဆိုးဝါးဆုံးဂိုးမိုးခေါင်မှုမှတ်တမ်းနဲ့ ရင်ဆိုင်ရဖို့နီးကပ်လာချိန် မိုဆာလက်ရဲ့ကြိုးစားအားထုတ်နေမှုတွေကြောင့် မကြာခင် အီဂျစ်သားရဲ့မျက်နှာမှာ အပြုံးပန်းတွေနဲ့ ဝေဆာလာပါလိမ့်မယ်လို့ လီဗာပူးနည်းပြအန်းစလော့က ခန့်မှန်းပါတယ်။

ကစားသမားအများစုအတွက် ကလပ်ပွဲစဉ်လေးပွဲဆက် ဂိုးမသွင်းယူနိုင်ဘူးဆိုတာအထူးအဆန်းတော့ မဟုတ်ပေမယ့် မိုဆာလက်ကတော့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ နောက်ပိုင်း အခုလိုအဖြစ်မျိုးနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရခြင်း မရှိပါဘူး။ ဒါပေမယ့် ပီအက်စ်ဂျီ၊ နယူးကာဆယ်၊ အဲဗာတန်တို့နဲ့ပွဲစဉ်တွေမှာ ဂိုးပေါက်ပျောက်ဆုံးပြီးနောက် အသက်-၃၂ နှစ်အရွယ်တိုက်စစ်မှူးက ဒီနေ့၊ ဖူလ်ဟမ်နဲ့ပွဲစဉ်မှာ ကာလတိုဂိုးမိုးခေါင်နေမှုကို အဆုံးသတ်လိုက်ဖို့ ရည်မှန်းနေပါတယ်။

မိုဆာလက်နဲ့ပတ်သက်လို့ အန်းစလော့က “ တခါတရံ ပွဲစဉ်ဇယားရေးဆွဲထားမှုတွေက တခြားကာလတွေထက် ပိုမိုခက်ခဲနေလေ့ ရှိပါတယ်။ ပီအက်စ်ဂျီဆိုတာ အခုအချိန်မှာ ဥရောပအကောင်းဆုံးကလပ်အသင်းစာရင်းထဲမှာ ပါဝင်နေပါတယ်။ နယူးကာဆယ်ကလည်း ကာရာဘောင်ဖလားဖိုင်နယ်မှာ ကျွန်တော်တို့အသင်းကို လုံးဝလွှမ်းမိုးနိုင်ခဲ့တဲ့ပြိုင်ဘက် ဖြစ်ပါတယ်။ ပွဲချိန်တလျှောက်လုံး ဂိုးဧရိယာထဲမှာ ကစားသမား ၁၀ ဦးလောက် ပိတ်ဆို့ကစားနေတဲ့ အဲဗာတန်ကိုရင်ဆိုင်ရတာလည်း အလွန်ခက်ခဲပါတယ်။

မိုဆာလက်အကြောင်း ကျွန်တော်သိပါတယ်။ သူက သွင်းဂိုးတွေနဲ့ပဲ ရှင်သန်နေတာပါ။ ဂိုးမသွင်းနိုင်တဲ့ကိစ္စကို သူပျော်ရွှင်နေမယ်ဆိုရင် အရမ်းထူးဆန်းနေပါလိမ့်မယ်။  ဒါပေမယ့် ကစားပုံမကောင်းဘူးဆိုရင်တောင် ဂိုးသွင်းယူနိုင်တဲ့အချက်က သူ့ရဲ့အကြီးမားဆုံးအရည်အသွေးတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့အာရုံတွေ ပျံ့လွင့်နေတာမျိုး မရှိပါဘူး။ သူကိုယ်တိုင်ကလည်း ဂိုးတွေ အများကြီးသွင်းယူချင်တာကြောင့် ဂိုးတွေအများကြီး သွင်းယူနိုင်တာပါ။ အမှန်ပါပဲ၊ အခုဘောလုံးရာသီမှာ မိုဆာလက် နည်းနည်းလေးပိုပြီးပြုံးပန်းဝေရတဲ့ အခိုက်အတန့်တွေရှိခဲ့ပါတယ်။ ဒါက သူတစ်ဦးတည်းတင်မဟုတ်ဘဲ ကစားသမားအားလုံးနဲ့လည်း သက်ဆိုင်ပါတယ်”လို့ ပြောပါတယ်။

မိုဆာလက်က အခုရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂၇ ဂိုး သွင်းယူထားပြီး သူ့အတွက် လေးကြိမ်မြောက်လိဂ်ရွှေဖိနပ်ဆုဆွတ်ခူးနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။