
ရိုးမားဆီ လူကာကူ ရောက်ရှိလာလို့ အီတလီဘောလုံးလောကအတွက် ပျော်ရွှင်နေတဲ့ ဆီမြွန်နီအင်ဇာဂီ
အပြောင်းအလဲတွေ အများအပြားလုပ်ဆောင်ထားတဲ့ အင်တာမီလန်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီထက် ပိုမိုအားကောင်းလာနိုင်မယ်လို့ မျှော်လင့်နေတဲ့ နည်းပြအင်ဇာဂီက ရိုးမားဆီ အငှားဖြင့်ပြောင်းရွှေ့ကစားဖို့ နီးစပ်နေတဲ့ လူကာကူကြောင့် အီတလီဘောလုံးလောကအတွက် ပျော်ရွှင်မိတယ်လို့ ဖွင့်ဟဝန်ခံလိုက်ပါတယ်။
အင်တာမီလန်က ဒီနေ့မနက်ပိုင်း၊ ကာဂလီယာရီနဲ့ရင်ဆိုင်ရတဲ့ စီးရီးအေအဝေးကွင်းပွဲစဉ်မှာ ဒမ်ဖရီးစ်၊ လော်တာရိုမာတီနက်ဇ်တို့ရဲ့ ပွဲချိန်ပထမပိုင်းသွင်းဂိုးတွေနဲ့အတူ သက်သောင့်သက်သာအနိုင်ရခဲ့ပါတယ်။
ဒီပွဲစဉ်အပြီး DAZN သတင်းဌာနနဲ့တွေ့ဆုံချိန် အင်ဇာဂီက “အင်တာမီလန်ကစားသမားတွေ အကောင်းဆုံး ကစားခဲ့ပါတယ်။ ပထမဆုံးမိနစ်တွေကစပြီး ကျွန်တော်တို့က စီးရီးအေဆီတန်းတက်လာတဲ့ အသင်းကို ရင်ဆိုင်ဖို့ မှန်ကန်တဲ့ချဉ်းကပ်မှု လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီတန်းတက်လာတဲ့ကလပ်က စီးရီးအေအဖွင့်ပွဲစဉ်မှာ အကောင်းဆုံးကစားထားခဲ့ပြီး အိမ်ကွင်းပရိသတ်တွေရှေ့မှောက် စီးရီးအေပွဲစဉ်ကို ကစားဖို့ လုပ်ဆောင်နိုင်ခဲ့တဲ့ အသင်းဖြစ်ပါတယ်”လို့ ပြောပါတယ်။
လာဇီယိုအသင်းကို ကိုင်တွယ်စဉ်အချိန်ကပင် အင်ဇာဂီရဲ့အသင်းတွေမှာ တောင်ပံကစားသမားတွေက အဓိကအခန်းကဏ္ဍအဖြစ် ပါဝင်လေ့ရှိပြီး ပုံမှန်အားဖြင့် သူက တောင်ပံကစားသမားတွေကို ပွဲချိန်ဒုတိယပိုင်းအတွင်း လူစားလဲလှယ်လေ့ရှိပါတယ်။
အင်ဇာဂီက “သူတို့တွေက အရေးကြီးပါတယ်။ ပွဲရဲ့အချို့အခိုက်အတန့်တွေမှာ တိုက်စစ်မှူးအဖြစ် ကစားနိုင်သလို ဗဟိုကွင်းလယ်နဲ့ တောင်ပံတွေကြားမှာရှိတဲ့ နေရာလွတ်တွေအကြား ရွေ့လျားကစားနေတဲ့ ကစားသမားတွေ ကျွန်တော်တို့ဆီမှာ ရှိပါတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် ဒီနေ့မှာပဲ ချဲလ်ဆီးမှ ရိုးမားဆီ အပိုထပ်ဆောင်းဆုကြေးတွေပါဝင်တဲ့ ယူရို ၈ သန်းတန် အငှားစာချုပ်ဖြင့် ရောက်ရှိလာတော့မယ့် လူကာကူရဲ့အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ အင်တာမီလန်နည်းပြက သူ့ရဲ့အမြင်ကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
“ရိုးမားကတော့ အတော်လေးကောင်းမွန်တဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုတစ်ခု လုပ်ဆောင်နိုင်ခဲ့တာပါ။ လူကာကူပြန်လာနိုင်တာ အီတလီဘောလုံးလောကအတွက် ကောင်းမွန်ပါတယ်။ ကျွန်တော်တို့အားလုံး သိထားသလိုပဲ သူက ကစားသမားကောင်းတစ်ဦးပါ။ ကျွန်တော်အလိုရှိတဲ့ အသင်းလူစာရင်းတစ်ခုနဲ့အတူ အင်တာမီလန်အသိုက်အဝန်းကြီးဆီ သူတို့တွေ ယူဆောင်ပေးလာတဲ့ တန်ဖိုးတွေအတွက် ကျွန်တော် ကျေနပ်အားရမိခဲ့ပါတယ်”လို့ အင်ဇာဂီက ဆိုပါတယ်။
ဘယ်လ်ဂျီယံတိုက်စစ်မှူးက ပြီးခဲ့တဲ့ဘောလုံးရာသီ၊ အင်တာမီလန်မှာ အငှားကစားသမားအဖြစ် ကျင်လည်ခဲ့ပြီးနောက် အခုနွေရာသီအတွင်း အပြီးသတ်ပြောင်းရွှေ့ဖို့ စီစဉ်ခဲ့ပေမယ့် ဂျူဗင်တပ်စ်နဲ့လည်း ဆွေးနွေးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာမှုကြောင့် မီလန်အခြေစိုက်ကလပ်ဆီ အပြီးသတ်ပြောင်းရွှေ့ရေးအိပ်မက်တွေ ပြယ်လွင့်သွားခဲ့ရပါတယ်။
လက်ရှိမှာ အင်တာမီလန်က လူကာကူ၊ ဒီဇီကို၊ အိုနာနာနဲ့ စကင်နီယာတို့လို စီနီယာကစားသမားတွေကို ဆုံးရှုံးထားရပေမယ့် မားကပ်စ်သူရမ်၊ အလက်ဆစ်ဆန်းချက်ဇ်နဲ့ ယန်းဆွန်းမားတို့လို ကစားသမားသစ်တွေ ပြန်လည်အင်အားဖြည့်တင်းထားသလို ဘိုင်ယန်မြူးနစ်နောက်ခံလူပါဗက်ကိုလည်း ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။
လက်ရှိအသင်းလူစာရင်းက ပြီးခဲ့တဲ့ရာသီထက် ပိုမိုတောင့်တင်းမှုရှိသလားဆိုတဲ့ မေးခွန်းအပေါ် အင်ဇာဂီက “ဒါက ကျွန်တော်မျှော်လင့်ထားတဲ့အရာပါ။ ကျွန်တော်တို့အသင်းရဲ့ အရေးကြီးကစားသမားတွေကို ဆုံးရှုံးခဲ့ရတယ်ဆိုတာ သိပါတယ်။ ကျွန်တော်တို့က အသင်းကစားသမား ၁၀ ဦးလောက်ကို အပြောင်းအလဲလုပ်ထားရတာ ငြင်းဆန်ဖုံးကွယ်စရာမရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က နည်းဗျူဟာပိုင်း အခြေခံစည်းမျဉ်းတွေနဲ့အတူ စနစ်တကျဖွဲ့စည်းထားတဲ့ အင်တာမီလန်အသင်းကို မြင်တွေ့နေရဆဲ ဖြစ်ပါတယ်။ ဒါက နည်းပြတစ်ဦးအတွက် ကောင်းမွန်တဲ့ လက္ခဏာတစ်ခုပါ”လို့ ရှင်းပြခဲ့ပါတယ်။