The network connection is lost.

Banner Image

အာဆင်နယ်ဆီပြောင်းရွှေ့နိုင်မယ့်အခွင့်အလမ်းကို ဘာကြောင့်ပယ်ချခဲ့သလဲဆိုတာ ရှင်းပြလိုက်တဲ့ ဆက်စ်ကို

ဘင်ဂျမင်ဆက်စ်ကိုက အခုနွေရာသီ၊ အာဆင်နယ်ဆီ ရောက်ရှိနိုင်မယ့် အခွင့်အလမ်းကို ပယ်ချခဲ့မှုဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီးတို့ကလည်း ဆလိုဗေးနီးယား လက်ရွေးစင်တိုက်စစ်မှူးကို ပရီးမီးယားလိဂ်ဆီခေါ်ယူသွားဖို့ အပြိုင်အဆိုင်စိတ်ဝင်စားခဲ့ဖူးပေမယ့် အာဆင်နယ်ကသာ အသက်-၂၁ နှစ်အရွယ်ကစားသမားကို ဇွန်လအတွင်း အမိအရခေါ်ယူနိုင်လိမ့်မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

ဇွန်လကုန်မတိုင်ခင်အထိတော့ ဆက်စ်ကို,ကို စာချုပ်ဖျက်သိမ်းကြေးပေါင် ၅၆ သန်းဖြင့် ခေါ်ယူနိုင်ခွင့် ရှိခဲ့ပါတယ်။ ဒါပေမယ့် လိုက်ပ်ဇစ်အသင်းအတွက် ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ၃၁ ပွဲကစား၊ ၁၄ ဂိုးအထိ သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူးက ဘွန်ဒက်စ်လီဂါကလပ်အသင်းနဲ့ပဲ စာချုပ် ချုပ်ဆိုမယ်လို့ ကတိကဝတ်ပြုခဲ့ပါတယ်။

အခုနွေရာသီကာလအတွင်း မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့က တိုက်စစ်မှူးသစ်တစ်ဦး ရှာဖွေဖို့အတွက် ဈေးကွက်အတွင်းမှာ ရှိနေခဲ့ပေမယ့် ဆက်စ်ကိုကတော့ ဂျာမန်မြေမှာ အနည်းဆုံးနောက်တစ်နှစ်လောက်အထိ ဆက်ကစားနေတာ အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ယုံကြည်ခဲ့ပါတယ်။

ဆက်စ်ကိုက “ ကျွန်တော် ဒီကိစ္စကို ကောင်းကောင်းစဉ်းစားသုံးသပ်ခဲ့ပါတယ်။ အမှန်ကန်ဆုံးဆုံးဖြတ်နိုင်ခဲ့တယ်လို့လည်း ယုံကြည်ထားပါတယ်။ ကျွန်တော်က အတွေ့အကြုံတွေ၊ သင်ခန်းစာတွေ ပိုပြီးရရှိချင်ပါသေးတယ်။ ဒီအတွက် အလျင်လိုနေစရာလည်း မလိုအပ်ပါဘူး။ နောက်တစ်ဆင့်ဆီတက်လှမ်းနိုင်ရေး ကျွန်တော့်အတွက် လိုအပ်နေတဲ့အရာတွေကို စီမံပေးနိုင်တဲ့ အကောင်းဆုံးကလပ်အသင်းက လိုက်ပ်ဇစ်ပဲဖြစ်ပါတယ်။ လိုက်ပ်ဇစ်ရဲ့ ရည်မှန်းချက်ကလည်း ရှင်းရှင်းလေးပါပဲ။ အရာရာတိုင်းဖွံ့ဖြိုးတိုးတက်လာပြီး အမြင့်ဆုံးပန်းတိုင်အထိ တက်လှမ်းသွားနိုင်ရေး ဦးတည်ထားပါတယ်။ ဒီအတိုင်းဆုံးဖြတ်ခဲ့မှုက မှန်ကန်တယ်လို့ ကျွန်တော်ခံစားမိပါတယ်”လို့ ပြောပါတယ်။

ဆက်စ်ကိုရဲ့စာချုပ်အသစ်မှာ လာမယ့်နှစ်အတွင်း လိုက်ပ်ဇစ်မှထွက်ခွာနိုင်မယ့် လူကြီးလူကောင်းဆန်ဆန် သဘောတူညီမှုတစ်ခုလည်း ပါဝင်ပါတယ်။