The network connection is lost.

Banner Image

ဆာလက်စာချုပ်သစ်က သူ့အတွက် ကစားသမားသစ်ခေါ်ယူဖို့ လွယ်ကူစေနိုင်ကြောင်း စလော့ ဝန်ခံပြောကြား

လီဗာပူးနည်းပြ စလော့က တောင်ပံကစားသမား ဆာလက်တစ်ယောက် စာချုပ်သက်တမ်းတိုးခဲ့တာက သူ့အတွက် ကစားသမားသစ်ခေါ်ယူဖို့ လွယ်ကူစေကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။ သောကြာနေ့က လီဗာပူးအသင်း နဲ့ ၂ နှစ်စာချုပ်သက်တမ်းတိုးခဲ့ပြီးနောက် ဆာလက်တစ်ယောက် အပြောင်းအရွှေ့သတင်းတွေကို အပြီးသတ်လိုက်ပါတယ်။

ယခင်စာချုပ်သက်တမ်းက အခုရာသီအကုန်မှာကုန်ဆုံးမှာဖြစ်ပြီး အသက် ၃၂ နှစ်သားအနေနဲ့ အသင်းပြောင်းရွှေ့နိုင်တယ်လို့ သတင်းကြီးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုချိန်မှာတော့ အီဂျစ်သားဟာ လီဗာပူးအသင်းမှာ ၂၀၂၇ အထိ ဆက်ရှိနေတော့မှာဖြစ်ပါတယ်။
စလော့ရဲ့ပြောကြားချက်က ဆာလက်စာချုပ်သက်တမ်းတိုးတာဟာ အသင်းထံကစားသမားအသစ်တွေခေါ်ယူဖို့ လွယ်ကူစေတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

“လာမယ့်ရာသီ ကျွန်တော်တို့ဆုဖလားတွေ ပိုလိုချင်တယ်ဆိုတာကို ပြောခဲ့ပါတယ်။ မိုကလည်း ဒီမှာ ကျွန်တော်တို့နဲ့အတူဆုဖလားအောင်မြင်မှုတွေရယူချင်နေပါတယ်။ အဲ့တာက ကျွန်တော်တို့အတွက် အပေါင်းလက္ခဏာဆောင်စေပါတယ်။ တကယ်လို့ ကစားသမားတစ်ဦးကိုခေါ်ယူချင်တယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ပရောဂျက်ကို ချပြရပါမယ်။ မိုအနေနဲ့ အခုလိုမျိုးစာချုပ်သစ်ချုပ်ဆိုတာက အသင်းဟာ ဘယ်လောက်အထိ ရည်မှန်းချက်ပြည့်ဝနေလဲဆိုတာကို ပြသနေပါတယ်။

ကျွန်တော်တို့ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဒီအသင်းကို ရည်မှန်းချက်ရှိတဲ့အသင်းအဖြစ် စွမ်းဆောင်ထားနိုင်ပါတယ်။ အားကစားဒါရိုက်တာ ရစ်ချက်ဟု့ချ်ကလည်း မိုကို စာချုပ်သစ်ချုပ်ဆိုရာမှာ အဓိကနေရာကနေ ပါဝင်ခဲ့ပါတယ်။ သူက ထိပ်တန်းကစားသမားဖြစ်သလို အလွတ်နဲ့ရမယ့်အနေအထားမှာ ကမ္ဘာပေါ်က ဘယ်အသင်းကိုမဆိုပြောင်းနိုင်ပါတယ်။ ကျွန်တော်လည်း အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ခဲ့ပေမယ့် အဓိကကတော့ မိုရယ် ၊ သူ့အေးဂျင့်ရယ် ၊ ရစ်ချက်ရယ် ၊ အသင်းပိုင်ရှင်တွေရယ်ပါ။ 

ငွေကြေးလည်းပါဝင်တယ်ဆိုပေမယ့် အားစိုက်ထုတ်မှုလည်း အဓိကကျပါတယ်။ ဆာလက်က ထိပ်တန်းကစားသမားဖြစ်သလို သူ့ကိုကစားသမားတစ်ဦးအနေနဲ့ အကဲဖြတ်တာအပြင် လူသားတစ်ဦးအနေနဲ့ဆိုရင်လည်း သူက နှိမ့်ချတတ်သလို အလုပ်လည်းကြိုးစားတဲ့သူမျိုးပါ။
တစ်နေ့ချင်းမှာလည်း သူ့ရဲ့အားစိုက်ထုတ်မှုကို ဆက်ထိန်းထားပါတယ်။ နာရီဝက် ဒါမှမဟုတ် ၁၅ မိနစ်လောက် အကောင်းဆုံးမဟုတ်ရင်တောင် သူကဂိုးတွေသွင်းယူနိုင်ပါတယ်။ 

ပြီးတော့ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကလည်း သန်မာပါတယ်။ ဒ့ါအပြင် အခြားအရာတွေမှာလည်း သူက အများကြီးသန်မာပါတယ်”လို့ စလော့က ပြောကြားခဲ့ပါတယ်။ဆာလက်အနာဂတ်က သေချာခဲ့ပြီဖြစ်တာကြောင့် လီဗာပူးအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အာရုံစိုက်ရတော့မှာဖြစ်ပြီး လာမယ့်တနင်္ဂနွေနေ့မှာ ဝက်စ်ဟမ်းအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။