လီဗာပူးနဲ့စာချုပ်သက်တမ်းတိုးနိုင်ဖို့ တော်တော်လေးနီးစပ်နေတဲ့ ဆာလက်
သတင်းတွေအရ လီဗာပူးအသင်းဟာ တောင်ပံကစားသမား ဆာလက်ကို စာချုပ်သက်တမ်းတိုးနိုင်ဖို့ တော်တော်လေးနီးစပ်နေပြီလို့ သိရပါတယ်။ ဆာလက်ဟာ ၂၀၁၄ ဆွာရက်ဇ်ထွက်ခွာပြီးကတည်းက လီဗာပူးတိုက်စစ်ကို ဦးဆောင်နေတာဖြစ်ပြီး လက်ရှိပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့်လည်း အီဂျစ်သား နဲ့ လီဗာပူးတို့ကြား စာချုပ်သက်တမ်းက ၂၀၂၅ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး အနာဂတ်မသေချာတဲ့အနေအထားမှာ သတင်းတွေမျိုးစုံထွက်ပေါ်နေတာဖြစ်ပါတယ်။ မယ်ရာသတင်းဌာနကတော့ လီဗာပူးအသင်းဟာ ဆာလက်ကို စာချုပ်သက်တမ်းတိုးနိုင်ဖို့ ကြိုးစားနေပြီး နီးစပ်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။
အသင်းတာဝန်ရှိသူတွေဘက်က ဆာလက်ကို ၁ နှစ်စာချုပ်ကမ်းလှမ်းချင်နေပေမယ့် ဆာလက်ရဲ့အေးဂျင့် ရာမီကတော့ ၃ နှစ်စာချုပ်ချုပ်ဆိုချင်နေပါတယ်။ ၂ ဦးကြားမကြာခင်မှာ သဘောတူညီမှုရရှိဖွယ်ရှိနေပြီး ၂ နှစ်စာချုပ်ဖြစ်နိုင်တယ်လို့ သိရပါတယ်။ ဆာလက်ဟာ ဒီရာသီလီဗာပူးအသင်းကို ဦးဆောင်နေတာဖြစ်ပြီး ပရီးမီးယားလိဂ် ၁၄ ပွဲမှာ ၁၃ ဂိုးသွင်း ၊ ၈ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။
ဒါ့အပြင် လီဗာပူးအသင်းအတွက် ပွဲပေါင်း ၃၇၀ ပွဲမှာ ၂၂၆ ဂိုးသွင်းယူနိုင်ခဲ့ကာ လိဂ်ဖလား ၂ ကြိမ် ၊ အက်ဖ်အေဖလား ၊ ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ်ဖလားတွေရယူနိုင်ခဲ့ပါတယ်။ ဆာလက်ဟာ လာမယ့်အင်္ဂါနေ့မှာကန်မယ့် ဂီရိုနာနဲ့ချန်ပီယံလိဂ်ပွဲမှာလည်း လီဗာပူးအသင်းအတွက် ပါဝင်လာဖွယ်ရှိနေပြီး စလော့တ်ရဲ့အသင်းဟာ ဥရောပပြိုင်ပွဲမှာ နိုင်ပွဲဆက်နေမှုကို ဆက်လက်အသက်သွင်းဖွယ်ရှိနေပါတယ်။