ယူနိုက်စတားစာချုပ်နဲ့ပတ်သက်ပြီး အဖြေရှာဖို့ အသင်းကို အာမိုရင် တိုက်တွန်း
ယူနိုက်တက်နည်းပြ အာမိုရင်က တာဝန်ရှိသူတွေအနေနဲ့ တောင်ပံကစားသမား အာမက်ဒီယာလိုရဲ့စာချုပ်အနေအထားနဲ့ပတ်သက်ပြီး အဖြေရှာဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီယာလိုဟာ ၂၀၂၁ တုန်းက အတ္တလန္တာကနေ ယူနိုက်တက်ထံပြောင်းလာခဲ့တာဖြစ်ပြီး အခု ၂၀၂၄ မှာ စီနီယာအသင်းနဲ့အတူ တောက်ပလာခဲ့တာဖြစ်ပါတယ်။
အခုလိုတောက်ပလာတဲ့အနေအထားမှာ အသက် ၂၂ နှစ်သားကို စာချုပ်သစ်နဲ့ဆက်ထိန်းဖို့ တောင်းဆိုမှုတွေရှိလာပါတယ်။ ဒီယာလို နဲ့ ယူနိုက်တက်တို့ကြား စာချုပ်သက်တမ်းက ၂၀၂၆ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး ၁ နှစ်ထပ်မံသက်တမ်းတိုးခွင့်တော့ရှိနေပါတယ်။ အခုချိန်မှာလည်း ယူနိုက်တက်နည်းပြ အာမိုရင်က ဒီယာလိုရဲ့စာချုပ်အနေအထားနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းသိချင်နေပါတယ်။
“ကျွန်တော် သူ့ကိုအသင်းမှာဆက်ရှိနေစေချင်ပါတယ်။ ကျွန်တော်တို့အားလုံးအလိုရှိတာပါ။ အဲ့တာကြောင့် ရှင်းလင်းတဲ့အဖြေတစ်ခုရှာဖွေဖို့ လိုအပ်ပါတယ်။ မှန်ပါတယ်။ သူက နေရာစုံမှာကစားနိုင်ပါတယ်။ အဲ့တာက အာမက်ရဲ့အားသာချက်တွေထဲတစ်ခုပါ။ ကျွန်တော့်အတွက်တော့ သူက အဲ့နေရမှာ ကစားတာကောင်းတယ်လို့ ထင်ပါတယ်။ between the lines ကြားထဲမှာလည်း ကစားနိုင်ပါတယ်။
ဘာလို့လဲဆိုတော့ သူ့မှာ အရမ်းကောင်းတဲ့ထိန်းချုပ်နိုင်စွမ်းရှိတာကြောင့်ပါ။ ပြီးတော့ ဘောလုံးရှိချိန်မှာကော မရှိချိန်မှာပါ ပြေးလွှားတာ လျင်မြန်ပါတယ်။ အဲ့တာကြောင့် သူက ၂ နေရာစလုံးမှာ အံဝင်နိုင်ပါတယ်။ မတူညီတဲ့နည်းစနစ်တွေမှာလည်း ကစားနိုင်ပါတယ်။ ဒါကြောင့် အနာဂတ်မှာ မတူညီတဲ့နည်းစနစ်နဲ့ ကျွန်တော်တို့ ကစားနိုင်ပါတယ်။ ဒီလိုကစားသမားမျိုးတွေ အသင်းမှာလိုအပ်ပါတယ်။
Wing back အနေနဲ့ကစားခိုင်းတာက သူ့ရဲ့ဘယ်ခြေအားသန်မှုကြောင့်ပါ။ တစ်ခါတလေ အဲ့နေရာမှာ သူဘောလုံးလက်ခံတာက အရမ်းကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ သူ့အပြင် မာဇာအူရီ နဲ့ ဒါလော့တ်တို့လည်း ရှိနေပါတယ်။
ဘာလို့လဲဆိုတော့ သူတို့က အရမ်းလျင်မြန်သလို ဘောလုံးနဲ့အတူ ဆွဲပြေးတာကောင်းမွန်တာကြောင့်ပါ။ ဒါပေမယ့် အာမက်က တစ်ဦးချင်းအနေအထားမှာ အရမ်းကောင်းပါတယ်။ ပြီးတော့ အချို့ဖိအားတွေကိုလည်း ချိုးဖျက်နိုင်ပါတယ်။
အထူးသဖြင့် ကြီးမားတဲ့ဖိအားတွေကို ကျော်နိုင်ပါတယ်။ သူ့မှာ အဲ့အရည်အချင်းရှိနေပါတယ်။ ဒီလိုနေရာမှာကစားမယ်ဆိုရင် ကောင်းမွန်တဲ့ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုလိုအပ်ပါတယ်။
ကောင်းမွန်တဲ့ရုပ်ပိုင်းဆိုင်ရာဆိုတာ အရွယ်အစားမဟုတ်ပါဘူး။ ဒါပေမယ့် သူက ပြေးလွှားနိုင်ပါတယ်။ ဒါကြောင့် အဲ့နေရာမှာ သူကစားနိုင်တဲ့အဓိကအချက်ပါ”လို့ အာမိုရင်က ပြောကြားခဲ့ပါတယ်။ အာမက်ဟာ ဒီရာသီယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၃ ဂိုးသွင်း ၊ ၅ ဂိုးဖန်တီးထားနိုင်ခဲ့ကာ အသင်းရဲ့အရေးပါတဲ့ကစားသမားဖြစ်လာနေပါတယ်။
အာမက် နဲ့ ယူနိုက်တက်တို့ စာချုပ်ကိစ္စကို ဆက်လက်ဆွေးနွေးရဖွယ်ရှိနေပြီး လာမယ့်အာဆင်နယ်နဲ့ပွဲမှာလည်း အာမက်တစ်ယောက် ပါဝင်လာဖွယ်ရှိနေပါတယ်။