ယူနိုက်တက်က ကြီးမားတဲ့ကလပ်ဖြစ်ပေမယ့် ကြီးမားတဲ့အသင်းမဟုတ်ဘူးလို့ အာမိုရင် ဝန်ခံ
အာဆင်နယ်ကို ၂-၀ နဲ့ ရှုံးနိမ့်ပြီးနောက် မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ယူနိုက်တက်ဟာ ကြီးမားတဲ့ကလပ်ဖြစ်ပေမယ့် ကြီးမားတဲ့ အသင်းတော့မဟုတ်ဘူးလို့ ဝန်ခံပြောကြားလာခဲ့ပါတယ်။
ကြားရက်မှာယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်ဟာ အာဆင်နယ်ကို ၂-၀ နဲ့အရေးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၁ နေရာသို့ ပြန်လည်ကျဆင်းသွားပါတယ်။ အာဆင်နယ်အတွက်ဂိုးတွေကို နောက်ခံလူတွေဖြစ်ကြတဲ့ ဂျူရီယန်တင်းဘားနဲ့ ဝီလီယမ်ဆာလီဘာတို့က ထောင့်ကန်ဘောတွေမှတစ်ဆင့် ခေါင်းတိုက်သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။
အာမိုရင်အနေနဲ့ ယူနိုက်တက်နည်းပြဘဝပထမဆုံး ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပြီး လာမယ့် တနင်္ဂနွေနေ့မှာတော့ နော်တင်ဟမ်ဖောရက်စ်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ ပေါ်တူဂီသားက “ရှင်းရှင်းပြောရမယ်ဆိုဆိုရင် ကျွန်တာ်တို့က ကြီးမားတဲ့ကလပ်တစ်ခုဖြစ်ပေမယ့် ကြီးမားတဲ့အသင်းတော့မဟုတ်ပါဘူး။ ဒါကိုထုတ်ပြောရတာ ပြဿနာတော့မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ ယုံကြည်ချက်တွေပိုရှိဖို့ပဲလိုပါတယ်။ အသင်းမှာ အပြုသဘောဆောင်တဲ့အရာအချို့ရှိခဲ့ပေမယ့် ဒီထက်ပိုပြီးများဖို့လိုအပ်ပါသေးတယ်။အထူးသဖြင့် ပြိုင်ဘက်ရဲ့ဂိုးဧရိယာဘက်မှာ ပိုကောင်းဖို့လိုပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ယူနိုက်တက်ပရိသတ်တွေနဲ့ မျှော်လင့်ချက်အမှားတွေမထားမိဖို့ သတိထားသင့်သလားဆိုတဲ့မေးခွန်းကို အာမိုရင်က “အသင်းရဲ့ကြီးမားတဲ့အတိတ်ကြောင့် မျှော်လင့်ချက်တွေကတော့ ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ ကစားသမားတွေအနေနဲ့ အသင်းရဲ့ခက်ခဲတဲ့အခြေအနေကို နားလည်ဖို့လိုပါတယ်။ အခုချိန်မှာ ကျွန်တော်တို့က ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးအသင်းမဟုတ်ပေမယ့် အရင်တုန်းကတော့ အကောင်းဆုံးဖြစ်ခဲ့ပါတယ်။ ပြဿနာတွေရှိနေပေမယ့် ကျွန်တော်တို့က သေးငယ်တဲ့အချက်အလက်လေးတွေပေါ်မှာလည်း အာရုံစိုက်ဖို့လိုပါတယ်” လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။
ကြိုးစားအားထုတ်မှုမရှိရင် ပရီးမီးယားလိဂ်ဖလားမရနိုင်ကြောင်းကိုလည်း ပေါ်တူဂီသားက “အလုပ်မလုပ်တဲ့အသင်းတစ်သင်းက ပရီးမီးယားလိဂ်ဖလားကိုဆွတ်ခူးဖို့မဖြစ်နိုင်ပါဘူး။ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေ စုဆောင်းပြီး အသင်းမှာထားနိုင်ရင်တောင် ကြိုးစားမှုမရှိရင် ဖလားရမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ခွေးရူးတွေကို ပြေးနိုင်ရပါမယ်။ မဟုတ်ရင်တော့ နိုင်မှာမဟုတ်ပါဘူး။ အဓိကအချက်က လေ့ကျင့်ရေးကွင်းမှာ ပုံစံကောင်းရဖို့လည်း ပါပါတယ်” လို့ပြောကြားခဲ့ပါတယ်။