The network connection is lost.

Banner Image

ပြီးခဲ့တဲ့ရာသီက အခက်အခဲတွေကြုံတွေ့မယ်ဆိုတာ ကြိုသိနေခဲ့ကြောင်း ဝန်ခံပြောကြားလာတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြရူဘင်အာမိုရင်က သူဟာ အိုးလ်ထရက်ဖို့ဒ်သိုစတင်ရောက်ရှိခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီမှာကတည်းက အခက်အခဲတွေနဲ့ရင်ဆိုင်ကြုံတွေ့ရမယ်ဆိုတာ ကြိုသိနေခဲ့ကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ ယူနိုက်တက်ဟာ နည်းပြအဲရစ်တန်ဟက်ကို ရာထူးမှထုတ်ပယ်ခဲ့ပြီးနောက် စပို့တင်းလစ္စဘွန်းနည်းပြ ရူဘင်အာမိုရင်ကို နည်းပြသစ်အဖြစ်စတင်ခန့်အပ်ခဲ့တာဖြစ်ပြီး ပေါ်တူဂီသားလက်ထက်မှာ စုစုပေါင်း ၂၇ ပွဲကစားခဲ့ရာ နိုင်ပွဲ ၇ ပွဲသာရရှိခဲ့ပါတယ်။ ဒါ့အပြင် အာမိုရင်ရဲ့ဦးဆောင်မှုနဲ့အတူ ယူနိုက်တက်ဟာ ၁၉၈၉-၉၀ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆိုးဝါးဆုံး ရပ်တည်မှုနဲ့ကြုံတွေ့ခဲ့ရသလို ယူရိုပါလိဂ်ဗိုလ်လုပွဲမှာလည်း တော့တင်ဟမ်ကိုရှုံးနိမ့်ပြီး ဆုဖလားနဲ့လွဲချော်ခဲ့ရပါတယ်။ 

ယခုအခါမှာတော့ အာမိုရင်ဟာ သူ့အနေနဲ့ ယူနိုက်တက်နည်းပြဘဝ အစပိုင်းမှာ အခက်အခဲကြုံတွေ့ရမယ်ဆိုတာ ကြိုသိနေခဲ့ကြောင်းဝန်ခံလာခဲ့ပြီး ပြီးခဲ့တဲ့ရာသီအတွင်း အခက်အခဲဆုံးအချိန်တွေကိုပြန်လည်ပြောကြားလာခဲ့ပါတယ်။ ယခုနွေရာသီမှာတော့ ပေါ်တူဂီသားဟာ အသင်းကိုပြန်လည်တည်ဆောက်ဖို့ကြိုးစားနေပြီး တိုက်စစ်ပိုင်းမှာ မားသီယက်စ်ကွန်ညာနဲ့ ဘရိုင်ယန်အမ်ဘွေမိုတို့ကို ဈေးကြီးပေးခေါ်ယူထားခဲ့ပါတယ်။ 

အသက်-၄၀ နှစ်အရွယ်နည်းပြက "အမှန်တိုင်းပြောရမယ်ဆိုရင် ကျွန်တော့်အနေနဲ့ အိမ်ကနေထွက်ပြီး အသင်းရဲ့ပွဲစဉ်ကိုကိုင်တွယ်ဖို့သွားကတည်းက ခက်ခဲမယ်ဆိုတာ ကြိုသိနေခဲ့ပါတယ်။ အသင်းကရုန်းကန်ရဦးမယ်ဆိုတာ ကျွန်တော်ခံစားမိခဲ့ပါတယ်။ ပွဲထဲမှာကြုံတွေ့ရတဲ့ အခက်အခဲတွေကို ကျွန်တော်က ပွဲမစခင်ကတည်းက ခံစားမိနေတာပါ။ ဒါက ကျွန်တော့်အတွက် အခက်ခဲဆုံးအပိုင်းပါပဲ။ ပွဲမစခင်မှာပဲ ခက်ခဲတော့မယ်ဆိုတာ ကြိုသိနေခဲ့လို့ တကယ်ပဲစိတ်ပျက်ခဲ့ရပါတယ်"

"တစ်ခါတလေအသင်းကရှုံးနေတဲ့အချိန်တွေမှာ ကစားသမားတွေရဲ့အဆင့်အတန်းကို မြှင့်တင်လိုစိတ်တွေက ချက်ခြင်းပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်သူတို့ကိုဘာမှမပြောခဲ့သလို၊ သူတို့ကလည်း အခြေအနေကို သဘောပေါက်ပါတယ်။ အခုတော့ ကျွန်တော်တို့ကြားမှာ နားလည်မှုရလာခဲ့ပါပြီ။ ကျွန်တော် ကစားသမားတွေကို ကလေးတွေလိုမဆက်ဆံပါဘူး။ ဒါပေမယ့် ကျွန်တော့်ရဲ့နည်းလမ်းနဲ့ပဲ ရှေ့ဆက်သွားရပါမယ်။ ကစားသမားတွေအနေနဲ့ နည်းမှန်လမ်းမှန်နဲ့ လေ့ကျင့်ရေးမဆင်းဘူးဆိုရင် ကျွန်တော်တို့ ရိုက်ကူးထားတဲ့ ဗီဒီယိုဖလင်တွေကနေ တစ်သင်းလုံးရဲ့ရှေ့မှာ ပြန်ပြသွားမှာပါ" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး အာမိုရင်က သူ့ရဲ့ယူနိုက်တက်နည်းပြရာထူးနဲ့ပတ်သက်ပြီး စိုးရိမ်စိတ်မရှိကြောင်းကို "ပွဲတွေအများကြီးဆက်တိုက်ရှုံးပြီး နည်းပြကို ရာထူးကနေမထုတ်တဲ့ အသင်းကြီးဆိုတာ မရှိပါဘူး။ ဘယ်မှာမှရှာမတွေ့နိုင်ပါဘူး။ ဒီအချက်နဲ့တင် ကျွန်တော်ကတော့ ရာထူးကနေထုတ်ပယ်ခံရမှာကို ထူးပြီးကြောက်မနေပါဘူး" လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်ဩဂုတ်လ ၉ ရက်နေ့မှာတော့ ယူနိုက်တက်ဟာ နောက်ဆုံးရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် အီတလီကလပ် ဖီအိုရင်တီးနားကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရပါမယ်။