The network connection is lost.

Banner Image

ယူရို ၂၀၂၄ ရဲ့စည်းမျဉ်းသစ်ကြောင့် အယ်လ်ဘေးနီးယားနဲ့ ပွဲစဉ်မှာ ပါဝင်နိုင်မှာမဟုတ်တဲ့ ရိုဒရီ

စပိန်လက်ရွေးစင် ကွင်းလယ်လူ ရိုဒရီဟာ ယနေ့နံနက်က အီတလီကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ကွင်းလယ်ဒိုင်ကို စကားပြောဆိုမိခဲ့တာကြောင့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ စတင်ကျင့်သုံးထားတဲ့ အသင်းခေါင်းဆောင်ကလွဲပြီး အခြားကစားသမားတွေက ဒိုင်တွေကို စကားပြောခွင့်မရှိဆိုတဲ့ စည်းမျဉ်းသစ်အရ အဝါကတ်ပြသခံခဲ့ရပါတယ်။ 
 
အသက်-၂၇ နှစ်အရွယ် ကွင်းလယ်လူဟာ ခရိုအေးရှားကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ အုပ်စုပထမပွဲစဉ်မှာလည်း အဝါကတ်ပြသခံခဲ့ရပြီး ယခုအခါမှာတော့ အဝါကတ် ၂ ကြိမ် ပြသခံခဲ့ရပြီဖြစ်တာကြောင့် အယ်လ်ဘေးနီးယားနဲ့ ယှဉ်ပြိုင်မယ့် အုပ်စုအဆင့်နောက်ဆုံး ပွဲစဉ်ကို လွဲချော်သွားတော့မှာဖြစ်ပါတယ်။ ယခုနှစ်ယူရိုပြိုင်ပွဲမှာ ပြိုင်ပွဲတာဝန်ရှိသူတွေက ပွဲချိန်အတွင်း အငြင်းပွားဖွယ်ဖြစ်လာစဉ် ကစားသမားတွေ အနေနဲ့ ဒိုင်လူကြီးတွေနားမှာ စုပြုံပြီးစောဒကတက်မှုတွေကို နှိမ်နင်းဖို့အတွက် စည်းမျဉ်းအသစ်ကို စတင်ကျင့်သုံးလာခဲ့တာဖြစ်ပါတယ်။
 
အီတလီကို အနိုင်ရခဲ့တာကြောင့် ယခုအခါမှာတော့ စပိန်ဟာ ရှုံးထွက် ၁၆ သင်း အဆင့်ကို စောစောစီးစီး တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ သို့သော်လည်း အုပ်စုဗိုလ်အနေနဲ့ တက်ရောက်နိုင်ဖို့ဆိုရင်တော့ စပိန်ဟာ လာမယ့်အယ်လ်ဘေးနီးယားနဲ့ပွဲစဉ်မှာလည်း အနည်းဆုံးသရေရလဒ်ကိုဖော်ဆောင်နိုင်ဖို့လိုနေပါတယ်။ အဆိုပါပွဲစဉ်အပြီး ၁၆ သင်း အဆင့်ပွဲစဉ်မှာတော့ ရိုဒရီက အသင်းအတွက် ပြန်လည် ပါဝင်ကစားသွားနိုင်မှာဖြစ်ပါတယ်။
 
ယခုပွဲစဉ်မှာ ရိုဒရီဟာ ပြိုင်ဘက်ဂိုးဘက်ခြမ်းမှာ ဘောလုံးပေးပို့မှု ၅၈ ကြိမ်ရှိခဲ့ပြီး အဆိုပါ ၅၈ ကြိမ်စလုံးကို အမှားအယွင်းမရှိပေးပို့နိုင်ခဲ့တာကြောင့် ဘောလုံးပေးပို့အောင်မြင်မှု ၁၀၀ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ ဒီမှတ်တမ်းဟာ ၁၉၈၀ ခုနှစ်နောက်ပိုင်း ယူရိုပြိုင်ပွဲတွေ အတွင်း အများဆုံးပမာဏလည်းဖြစ်ပါတယ်။
 
၂၀၀၈နဲ့ ၂၀၁၂ ခုနှစ်တွေမှာ ယူရိုဖလားကို ဆွတ်ခူးထားနိုင်ခဲ့တဲ့ စပိန်ဟာ လက်ရှိအုပ်စုအတွင်းပွဲစဉ် ၃ ပွဲစလုံးကို အနိုင်ရဖို့ကြိုးစားသွားမှာဖြစ်တာကြောင့် အယ်လ်ဘေးနီးယားကို ရိုဒရီမပါဘဲ ဘယ်လိုရင်ဆိုင်သွားမလဲ စောင့်ကြည့်ရပါမယ်။ လက်ရှိအချိန်မှာတော့ အုပ်စုအဆင့်ကနေ ရှုံးထွက် ၁၆ သင်းအဆင့်ကို တက်ရောက်ထားနိုင်တဲ့အသင်းတွေက အိမ်ရှင်ဂျာမနီနဲ့ ဖူရန်တီဦးဆောင်တဲ့ စပိန်တို့သာ ရှိပါသေးတယ်။