The network connection is lost.

Banner Image

ထောင့်ကန်ဘောရတာနဲ့ ဂိုးရတော့မယ်လို့ ယုံကြည်မှုရှိနေပြီဖြစ်ကြောင်း ပြောကြားလာတဲ့ ဒီကလန်ရိုက်စ်

ယနေ့နံနက်က မန်ချက်စတာယူနိုက်တက်ကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အာဆင်နယ်အတွက် ထောင့်ကန်ဘောမှတစ်ဆင့် ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့တဲ့ ကွင်းလယ်လူ ဒီကလန်ရိုက်စ်က ပွဲအပြီးမှာတော့ ထောင့်ကန်ဘောရတာနဲ့ ဂိုးရဖို့ယုံကြည်မှုရှိနေပြီဖြစ်ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ အာဆင်နယ်ရဲ့ သွင်းဂိုး ၂ ဂိုးစလုံးကို ထောင့်ကန်ဘောတွေမှတစ်ဆင့် ရရှိခဲ့တာဖြစ်ပြီး ဦးဆောင်ဂိုးကိုတော့ ဒီကလန်ရိုက်စ်ရဲ့ ကန်တင်ပေးပို့မှုမှတစ်ဆင့် နောက်ခံလူ ဂျူရီယန်တင်းဘားက ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီရာသီမှာ အာဆင်နယ်ဟာ ထောင့်ကန်ဘောနဲ့ အလွတ်တည်ကန်ဘောတွေမှတစ်ဆင့် ဂိုးတွေအများအပြားသွင်းယူထားပြီး အာဆင်နယ်ရဲ့ထောင့်ကန်ဘောက ပင်နယ်တီလောက်အထိ အန္တရာယ်ရှိနေတယ်လို့ ဆိုရှယ်မီဒီယာမှာ လူပြောများနေတာလည်းဖြစ်ပါတယ်။ 

ယခုအခါမှာတော့ ဒီရာသီအတွင်း ဂိုးဖန်တီးမှု ၄ ကြိမ်အထိပြုလုပ်ပေးထားနိုင်တဲ့ ဒီကလန်ရိုက်စ်က သူဟာ ထောင့်ကန်ဘောရတာနဲ့ ဂိုးဖန်တီးမှုပြုလုပ်နိုင်တော့မယ်ဆိုတဲ့ ယုံကြည်ချက်ဝင်လာကြောင်း ပြောကြားလာခဲ့ပါတယ်။အင်္ဂလန်လက်ရွေးစင်ကစားသမားက “ဒီည ကျွန်တော်တို့ ၂ ဂိုးအထိသွင်းနိုင်ခဲ့ပါတယ်။ ကျွန်တော် ထောင့်ကန်ဘောကန်ဖို့ ကွင်းထောင့်ကိုသွားတဲ့အချိန်တိုင်း စိတ်ထဲမှာ ကောင်းမွန်တဲ့ပေးပို့မှုပြုလုပ်နိုင်တော့မယ်လို့ ယုံကြည်ချက်ရှိနေပါပြီ။ ကျွန်တော့်ခေါင်းထဲမှာ လေ့ကျင့်ရေးကွင်းမှာ ပေးပို့တဲ့နေရာကို အတိအကျပေးပို့ဖို့ စဉ်းစားနေခဲ့ပါတယ်”

“ ဒီရာသီ ကျွန်တော့်ရဲ့ ဂိုးသွင်းနှုန်းနဲ့ ဖန်တီးမှုနှုန်းက မြင့်တက်လာဖို့ အရမ်းကျေနပ်မိပါတယ်။ ရာသီအစမှာ ကျွန်တော့်အတွက် အခက်အခဲတွေကြုံတွေ့ခဲ့ရပါတယ်။ ဒါက ပြီးခဲ့တဲ့ ယူရိုက အငွေ့အသက်တွေကြောင့်လည်း ပါပါလိမ့်မယ်။ ဒါပေမယ့် အခုချိန်မှာတော့ အများကြီးပိုကောင်းလာခဲ့ပါပြီ။ ဒီညမှာလည်း အသင်းအနိုင်ရဖို့ ဘာမဆိုလုပ်သွားမယ်လို့ စိတ်ဆုံးဖြတ်ခဲ့ပြီး ဒုတိယပိုင်းမှာ ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

အာဆင်နယ်အတွက် ဒုတိယဂိုးကိုတော့ ဘူကာယိုဆာကာရဲ့ ထောင့်ကန်ဘောကန်တင်ပေးပို့မှုမှတစ်ဆင့် ဝီလီယံဆာလီဘာက ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပြီး အင်္ဂလန်သားအနေနဲ့ ဒီရာသီမှာ အာဆင်နယ်အတွက် ဂိုးဖန်တီးမှု ၁၀ ကြိမ်အထိပြုလုပ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဆက်လက်ပြီး ဒီကလန်ရိုက်စ်က “တင်းဘာက ပြီးခဲ့တဲ့ရာသီမှာ ဒူးဒဏ်ရာကြောင့် အချိန်အကြာကြီးအနားယူခဲ့ရပါတယ်။ အခုတော့ သူပြန်ကစားနိုင်ပါပြီ။ 

သူ့ရဲ့စွမ်းဆောင်ရည်က အံ့မခန်းပါပဲ။ ကျွန်တော်သူနဲ့နေ့တိုင်း ဆုံဖြစ်ပါတယ်။ သူက ပိုပိုကောင်းလာရမယ်လို့ ဆုံးဖြတ်ထားတဲ့ကစားသမားပါ။ သဘောလည်း တော်တော်ကောင်းပါတယ်။ ပရိသတ်တွေကလည်း သူ့ကိုချစ်ကြပါတယ်။ကစားသမားတွေလည်း ချစ်ကြတယ်။ ဒါကြောင့် ဒီနေ့သူဂိုးသွင်းနိုင်ခဲ့လို့ သူ့အတွက်ပျော်ပါတယ်” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။