The network connection is lost.

Banner Image

၂၀၂၅ ခုနှစ်အတွက် ဘော်လွန်းဒီအော်ဆုချီးမြှင့်မယ့်နေ့ရက်ကို ယူအီးအက်ဖ်အေ ထုတ်ပြန်ကြေညာ

ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က ၂၀၂၅ ခုနှစ်အတွက် ဘော်လွန်းဒီအော်ဆုရွေးချယ်ချီးမြှင့်မယ့်နေ့ရက်ကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ယမန်နေ့(တနင်္လာနေ့)မှာပဲ ယူအီးအက်ဖ်အေက ဘော်လွန်းဒီအော်ဆုအတွက် စကာတင်စာရင်းကို လာမယ့်သြဂုတ်လအတွင်း ထုတ်ပြန်ပြီးနောက် စက်တင်ဘာ ၂၂ ရက်၊ ပါရီမြို့မှာ ဆုရွေးချယ်ချီးမြှင့်မှုအခမ်းအနားကို ပြုလုပ်သွားမယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။

လက်ရှိမှာ ပီအက်စ်ဂျီစတားဒမ်ဘီလီက အခုနှစ်အတွက် ဘော်လွန်းဒီအော်ဆုရှင်ဖြစ်လာဖို့ ရေပန်းစားနေပြီး မေလကုန်ပိုင်း၊ အင်တာနဲ့ရင်ဆိုင်ရချိန် သူ့ရဲ့ကလပ်အသင်းကို ချန်ပီယံလိဂ်အောင်ပွဲဆီခေါ်ဆောင်ပေးနိုင်ပါက သူ့ရဲ့ရေပန်းစားမှုတွေ ထပ်မံတိုးမြင့်လာနိုင်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာကြယ်ပွင့်တွေဖြစ်တဲ့ ရာဖင်ဟာနဲ့ လမိုင်းယာမယ်လ်တို့ကလည်း ဒီဆုအတွက်ယှဉ်ပြိုင်မှုမှာ ပါဝင်နေပြီး အခုရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အံ့ဖွယ်စံချိန်မှတ်တမ်းတွေ ရေးထိုးပြနေတဲ့ မိုဆာလက်ကိုလည်း ဘော်လွန်းဒီအော်ဆုရှင်ဖြစ်လာနိုင်သူလို့ ဆွေးနွေးနေကြပါတယ်။

ပြီးခဲ့တဲ့နှစ်၊ ဘော်လွန်းဒီအော်ဆုကိုတော့ မန်စီးတီးကွင်းလယ်ကစားသမားရိုဒရီက ရရှိခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းကတော့ ဘော်လွန်းဒီအော်ဆုနဲ့ ဗင်နီးစီးယက်စ် လွဲချော်သွားလို့ ရီးရဲလ်မက်ဒရစ်အသင်းဘက်မှ ဒေါသတကြီးတုံ့ပြန်မှုတွေ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်၊ ဘော်လွန်းဒီအော်အမျိုးသမီးဆုရှင်ကတော့ ဘာစီလိုနာနဲ့ စပိန်ကွင်းလယ်ကစားသမား ဘွန်မာတီ ဖြစ်ပါတယ်။

နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ဒီအခမ်းအနားကြီးမှာ ဘော်လွန်းဒီအော်အမျိုးသား၊ အမျိုးသမီးဆုရှင်တွေသာမက အကောင်းဆုံးလူငယ်ကစားသမားဆု၊ အကောင်းဆုံးဂိုးသမားဆု၊ ထိပ်တန်းဂိုးသွင်းရှင်၊ နည်းပြနဲ့ တစ်နှစ်တာအတွက် အကောင်းဆုံးကလပ်အသင်းဆုတို့ကိုလည်း ရွေးချယ်ချီးမြှင့်ပါတယ်။ ဒါ့အပြင် စည်းလုံးညီညွှတ်မှုနဲ့ လူမှုရေးဆိုင်ရာဆောင်ရွက်ချက်တွေအတွက်လည်း ဆိုခရေးတီးစ်ဆုကို ရွေးချယ်ချီးမြှင့်ပေးပါတယ်။