
ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ယူနိုက်တက်မှထွက်ခွာဖို့ စိတ်ကူးထားတဲ့ မိုင်နူး
မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ကိုဘီမိုင်နူးဟာ ယခုရာသီအတွင်း အသင်းမှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရသလို၊ နွေရာသီအပြောင်းအရွှေ့ကာလအတွင်းမှာလည်း အသင်းပြောင်းခွင့်မရခဲ့တာကြောင့် လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာတော့ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ ပစ်မှတ်ထားနေတယ်လို့သိရပါတယ်။
မိုင်နူးဟာ လက်ရှိယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်လက်အောက်မှာ နေရာရဖို့ ခက်ခဲနေတာကြောင့် ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလအတွင်း အသင်းမှထွက်ခွာခွင့်ရဖို့ တောင်းဆိုခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်ဟာ ယူနိုက်တက်မှ အငှားစာချုပ်နဲ့ထွက်ခွာဖို့သာ ပြင်ဆင်ခဲ့တာဖြစ်ပေမယ့် ယူနိုက်တက်ဘက်ကတော့ တောင်းဆိုမှု ကို ပယ်ချခဲ့တာကြောင့် အသင်းမှာပဲ ဆက်လက်ကျန်ရှိနေခဲ့တာဖြစ်ပါတယ်။
လာမယ့် ၂၀၂၆ နွေရာသီမှာ ကမ္ဘာ့ဖလားပြိုင်ပွဲစတင်တော့မှာဖြစ်လို့ မိုင်နူးအနေနဲ့ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့်မရပါက သောမတ်စ်တူချယ်လ်ရဲ့အင်္ဂလန်အသင်းမှာလည်း ရွေးချယ်ခံရဖို့ အလားအလာမရှိပါဘူး။ ဒါကြောင့် ကစားသမားအနေနဲ့ အင်္ဂလန်နဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်ခွင့်ရဖို့ ပုံမှန်ပွဲထွက်ခွင့်ရနိုင်မယ့် အသင်းသစ်သို့ ပြောင်းရွှေ့လိုနေတာလည်းဖြစ်ပါတယ်။
ယူနိုက်တက်အနေနဲ့ တောင်ပံကစားသမား အလီဂျန်ဒရိုဂါနာချိုကို ချဲလ်ဆီးသို့ရောင်းချခဲ့ပေမယ့် မိုင်နူးကတော့ ကစားသမားဟောင်းကြီးတွေပေးတဲ့ အကြံဉာဏ်အတိုင်း အသင်းမှာ တိတ်တဆိတ်ပဲနေထိုင်ခဲ့ပြီး အခွင့်အရေးရမယ့်အချိန်ကို စောင့်မျှော်နေခဲ့တာဖြစ်ပါတယ်။ အပြောင်းအရွှေ့ကာလ နောက်ဆုံးနေ့ရက်တွေမှာ နာပိုလီက မိုင်နူးကို အငှားစာချုပ်နဲ့ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့်လည်း ယူနိုက်တက်ဘက်က ကမ်းလှမ်းမှုကို ပယ်ချထားခဲ့ပါတယ်။
မိုင်နူးအနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမရောက်ခင် ကြားကာလတွေမှာ ပုံမှန်နေရာမရပါက အပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်တာနဲ့တပြိုင်နက် အသင်းသစ်သို့ပြောင်းရွှေ့ဖို့ ချိတ်ဆက်လာနိုင်တယ်လို့ သတင်းတွေကဆိုပါတယ်။ မိုင်နူးဟာ ယူနိုက်တက်နဲ့ ၂၀၂၇ ခုနှစ်အထိသာ စာချုပ်သက်တမ်းကျန်ရှိနေပေမယ့်ယူနိုက်တက်ဘက်က နောက်ထပ် ၁ နှစ်ထပ်တိုးဖို့ အခွင့်အရေးရှိနေပါတယ်။
ယူနိုက်တက်အနေနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ ၂၀၂၄ ယူရိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မိုင်နူးအတွက် လစာတိုးပေးဖို့လိုအပ်နေကြောင်း ဖိအားပေးခံနေရပေမယ့် လောလောဆယ်မှာတော့ လစာတိုးပေးမယ့်ဆွေးနွေးမှုတွေကို ရပ်တန့်ထားတယ်လို့လည်းသိရပါတယ်။ ဒါကြောင့် မိုင်နူးရဲ့ ယူနိုက်တက်ကစားသမားဘဝအနာဂတ်ဟာ မရေမရာဖြစ်နေပြီး ဇန်နဝါရီမှာ အပြီးသတ်ထွက်ခွာသွားနိုင်တယ်လို့လည်း ထင်ကြေးပေးနေကြပါတယ်။
လွန်ခဲ့တဲ့ တစ်နှစ်ခန့်က မိုင်နူးဟာ ယူနိုက်တက်နဲ့ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ အနာဂတ်ကွင်းလယ်ကြယ်ပွင့်ဖြစ်လာမယ်လို့ ယူဆခဲ့ကြပေမယ့် လက်ရှိအချိန်မှာတော့ ကစားသမားဟာ သောမတ်စ်တူချယ်လ်ရဲ့ အင်္ဂလန်အသင်းမှာ ရွေးချယ်ခြင်းမခံရသလို ယူနိုက်တက်မှာပါ ပုံမှန်နေရာရဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ မန်ချက်စတာဒါဘီပွဲစဉ်အဖြစ် မန်စီးတီးနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး မိုင်နူးအနေနဲ့ ထုံးစံအတိုင်း အရန်ခုံမှာပဲ ဆက်ထိုင်သွားရဖွယ်ရှိပါတယ်။