ပရီးမီးယားလိဂ်မှ တန်းဆင်းရနိုင်ကြောင်း ပြောကြားလာတဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းရဲ့လက်ရှိအခြေအနေဟာ အတော်လေးဆိုးဝါးနေတာကြောင့် ပရီးမီးယားလိဂ်မှ တန်းဆင်းရဖို့ကလည်း ဖြစ်နိုင်ချေတစ်ခုဖြစ်ကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ ယနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်ဟာ ဆိုးဝါးတဲ့ခြေစွမ်းနဲ့အတူ နယူးကာဆယ်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ၀-၂ နဲ့ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
အဆိုပါရှုံးပွဲကြောင့် ယူနိုက်တက်ဟာ ၂၀၁၅ ခုနှစ် လူးဝစ်ဗန်ဟားလ်လက်ထက်နောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ၃ ပွဲဆက်အရှုံးနဲ့ကြုံတွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိအချိန်မှာ ယူနိုက်တက်ဟာ တန်းဆင်းဇုန်နဲ့ ရမှတ် ၇ မှတ်အကွာ အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ နေရာမှာရပ်တည်နေပါတယ်။
အာမိုရင်က “တန်းဆင်းရဖို့ဆိုတာကလည်း ဖြစ်နိုင်ချေရှိတဲ့ အလားအလာတစ်ခုပါပဲ။ ဒါကို ပရိသတ်တွေသိအောင် ရှင်းရှင်းလင်းလင်းပြောထားရပါမယ်။ပြောင်းလဲမှုတွေပြုလုပ်ဖို့ လိုအပ်နေပေမယ့် ဒီရာသီက အားလုံးအတွက် အရမ်းခက်ခဲတဲ့ရာသီတစ်ခုဖြစ်နေပါတယ်။ အခက်ခဲတွေကို ဆက်လက်တိုက်ပွဲဝင်မယ်ဆိုရင်တော့ ကျွန်တော်တို့ ပိုမိုသန်မာလာမှာပါ။ အခုချိန်က ကလပ်သမိုင်းတစ်လျှောက် အဆိုးဝါးဆုံးအချိန်တွေထဲက တစ်ခုပါ။ ဒါကို လက်ခံရပါမယ်” လို့ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာလမှာ မန်နေဂျာဟောင်း အဲရစ်တန်ဟက်ရဲ့နေရာကို ဆက်ခံခဲ့တဲ့ အာမိုရင်ဟာ လက်ရှိအချိန်မှာ ယူနိုက်တက်ကို ၁၁ ပွဲကိုင်တွယ်ထားပြီး ၆ ပွဲရှုံးနိမ့်ခဲ့ကာ ပြီးခဲ့တဲ့ နောက်ဆုံး ၃ ပွဲစလုံး သွင်းဂိုးရရှိအောင်စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိပါဘူး။ ဆက်လက်ပြီး ပေါ်တူဂီသားက “ကျွန်တော်တို့မှာ လေ့ကျင့်ရေးအစီအစဉ်တွေပြုလုပ်ဖို့အတွက် အချိန်အလုံအလောက်မရှိလို့ အတော်လေးခက်ခဲပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကစားချင်တဲ့ပုံစံအတိုင်း ကစားလို့မရပါဘူး။ ဆိုးဝါးတဲ့အခြေအနေတွေမှာ အခြေခံအုတ်မြစ်ကို ဆုပ်ကိုင်ထားနိုင်ဖို့လိုပါတယ်” လို့ပြောကြားခဲ့ပါတယ်။
လာမယ့် ၂၀၂၅ ခုနှစ်အစမှာတော့ ယူနိုက်တက်ဟာ ပထမဆုံးပွဲစဉ်အဖြစ် ခက်ခဲတဲ့ပြိုင်ဘက် လီဗာပူးကို အန်ဖီးလ်မှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။၂၀၂၃ ခုနှစ်တုန်းက ယူနိုက်တက်ကို ၇-၀ နဲ့ချေမှုန်းခဲ့ဖူးတဲ့ လီဗာပူးဟာ လက်ရှိအချိန်မှာ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပိုင်ဆိုင်ထားပြီး အမှတ်ပေးဇယားကို ထိပ်ဆုံးကနေ ပြတ်ပြတ်သားသားဦးဆောင်ထားတာဖြစ်ပါတယ်။