
အာဆင်နယ်နဲ့ ပြန်ရင်ဆိုင်ရမယ့်ပွဲစဉ်အတွက် ပီအက်စ်ဂျီအသင်း တိုးတက်လာခဲ့ပါပြီလို့ ဆိုလိုက်တဲ့ လူးဝစ်အင်းနရစ်
အခုဘောလုံးရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဒုတိယအကြိမ်ပြန်ရင်ဆိုင်ရချိန် ပီအက်စ်ဂျီက အာဆင်နယ်အတွက် ခက်ခဲတဲ့ပြိုင်ဘက်အသင်းတစ်ခု ဖြစ်လာခဲ့ပါပြီလို့ ပြင်သစ်ကလပ်အသင်းနည်းပြ လူးဝစ်အင်းနရစ်က အင်္ဂါနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံတဲ့ အောက်တိုဘာလအုပ်စုအဆင့်ပွဲစဉ်မှာ ပြင်သစ်ချန်ပီယံတွေရဲ့ ခြေစွမ်းညံ့ဖျင်းမှုနဲ့အတူ အာဆင်နယ်က ကိုင်ဟားဗက်ဇ်၊ ဆာကာတို့ရဲ့သွင်းဂိုးတွေဖြင့် ၂-၀ ဂိုးဆိုတဲ့ရလဒ်နဲ့ သက်သောင့်သက်သာအနိုင်ရရှိခဲ့ပါတယ်။
ဒါပေမယ့် အဲ့ဒီကာလနောက်ပိုင်းမှာ ပီအက်စ်ဂျီက သူတို့အသင်းရဲ့လေးကြိမ်ဆက်ပြည်တွင်းလိဂ်ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့သလို ပြင်သစ်ဖလားဗိုလ်လုပွဲဆီလည်း တက်ရောက်ထားနိုင်ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ပူပူနွေးနွေးပရီးမီးယားလိဂ်ချန်ပီယံလီဗာပူး၊ အက်စတွန်ဗီလာတို့ကို ကျော်ဖြတ်ကာ ဆီမီးဖိုင်နယ်အဆင့်ဆီ တက်လှမ်းလာခဲ့ပါတယ်။
အာဆင်နယ်ကိုအရေးနိမ့်ခဲ့တဲ့ အောက်တိုဘာလရှုံးပွဲနဲ့ပတ်သက်လို့ လူးဝစ်အင်းနရစ်က “ အဲ့ဒီပွဲစဉ်က ခုနစ်လ၊ ရှစ်လလောက် ကြာသွားပါပြီ။ ကျွန်တော်လည်း အဲ့ဒီပွဲစဉ်ကို ပြန်ကြည့်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီအချိန်ထက် ဒီနေ့ကျွန်တော်တို့အသင်းက ပိုကောင်းလာခဲ့ပါပြီ။
ကျွန်တော်တို့မှာ ဗိုလ်လုပွဲအဆင့်လိုမျိုးပွဲစဉ်တွေပါဝင်တဲ့ အလွန်ခက်ခဲလှတဲ့ အုပ်စုပွဲစဉ်လမ်းကြောင်းတစ်ခု ရှိခဲ့ဖူးပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း အခက်အခဲတွေအကြားရောက်ရှိနေခဲ့လို့ ဒီအုပ်စုလမ်းကြောင်းက ကိစ္စတိုင်းကို အခက်အခဲဖြစ်စေခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အဲ့ဒီလိုအခက်အခဲတွေကပဲ ကျွန်တော်တို့ကို ပိုပြီးသန်မာလာအောင်၊ ပိုပြီးပြီးပြည့်စုံအောင် ပြုလုပ်ပေးခဲ့ပါတယ်။
ဒီတစ်ကြိမ်ကတော့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဖြစ်ပါတယ်။ရည်မှန်းချက်ချင်းတူညီနေတဲ့အသင်းနှစ်ခုအကြား နှစ်ပွဲပဲ ကစားသွားရပါလိမ့်မယ်။ ဖိအားတွေကို စီမံခန့်ခွဲနိုင်ခြင်းဟာ အဓိကအချက် ဖြစ်လာပါလိမ့်မယ်”လို့ ပြောပါတယ်။ လက်ရှိချန်ပီယံရီးရဲလ်မက်ဒရစ်ကို ကွာတားဖိုင်နယ်အဆင့်မှာ နှစ်ကျော့ပေါင်းရလဒ် ၅-၁ ဂိုးဖြင့် ပြတ်ပြတ်သားသားအနိုင်ယူခဲ့တဲ့ အာဆင်နယ်က အခုရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အိမ်ကွင်းရှုံးပွဲ လုံးဝမရှိသေးပါဘူး။
လူးဝစ်အင်းနရစ်က “ သူတို့တွေက ဥရောပအကောင်းဆုံးကလပ်အသင်းစာရင်းမှာ ပါဝင်ပြီး သူတို့အသင်းနည်းပြနဲ့အတူ အသိအမှတ်ပြုဖွယ်အလုပ်တစ်ခုကို နှစ်ပေါင်းများစွာကြာ လုပ်ဆောင်နေခဲ့ပါတယ်။ ကျွန်တော်တို့အားလုံး ဒီနေရာမှာရှိနေဖို့ ထိုက်တန်ပါတယ်။ ကျွန်တော်ကတော့ ကျွန်တော့်အသင်းကို ပိုကြိုက်တာပေါ့။ ဒါကြောင့် ဒီကလပ်အသင်းမှာ ကျွန်တော်ရှိနေတာပါ။ အချို့လူတွေက ပါရီအခြေစိုက်ကလပ်အသင်းကို ကြိုက်သလို အချို့လူတွေကလည်း အာဆင်နယ်ကို ကြိုက်ကြပါတယ်။ ဒါ ဘဝရဲ့အစိတ်အပိုင်းတစ်ခုပါပဲ ”လို့ ပြောပါတယ်။
အာဆင်နယ်ရော၊ ပီအက်စ်ဂျီပါ သူတို့အသင်းသမိုင်းတလျှောက် ဥရောပထိပ်တန်းကလပ်အသင်းချန်ပီယံဆုကြီးကို ပထမဆုံးအကြိမ်သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေပါတယ်။ လူးဝစ်အင်းနရစ်က “ ရည်မှန်းချက်အထိရောက်ရှိဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါက ကျွန်တော်တို့တွေ ဖိအားတွေအောက် ရောက်ရှိနေတယ်လို့ မဆိုလိုပါဘူး။ ကျွန်တော်တို့က ရည်မှန်းချက်ကြီးမားပါတယ်။
သမိုင်းသစ်တစ်ခုဖန်တီးချင်တယ်လို့ ပြောတယ်ဆိုတာ ရှေ့မှာ ဘယ်သူမှမလုပ်ဖူးတဲ့အရာတစ်ခုကို လုပ်သွားဖို့ ပြောနေခြင်းဖြစ်ပါတယ်။ အသင်းမှာလည်း ယုံကြည်မှုတွေ အများကြီးရှိလာပါပြီ။ တခါတလေ ရဲရင့်မှုတွေ ပျောက်ဆုံးနေလေ့ရှိပေမယ့် ဒါက ဘဝရဲ့တစိတ်တပိုင်းပဲ ဖြစ်ပါတယ်။
ပီအက်စ်ဂျီက ချန်ပီယံလိဂ်ဖလား မရဖူးဘူး၊ ဟုတ်တယ်မလား? အာဆင်နယ်လည်း မရဖူးပါဘူး။ အမြင့်ဆုံးအဆင့်အတန်းမျိုးမှာ စွမ်းဆောင်နေမှုကို ကျွန်တော်တို့တွေ ရပ်တန့်လိုက်လို့ မရပါဘူး။ ဒါကို စိတ်ထဲမှာ မှတ်ထားပြီး ကိုယ်လုပ်ရမယ့်အလုပ်ကို အာရုံစိုက်သွားရပါမယ်”လို့ ပြောပါတယ်။