The network connection is lost.

Banner Image

တော့တင်ဟမ်နဲ့ ဆက်လက်လက်တွဲလိုကြောင်း အရိပ်အမြွက်ပြောကြားလာတဲ့ ပိုစတီကိုဂလူ

တော့တင်ဟမ်နည်းပြ အန်ဂျီပိုစတီကိုဂလူဟာ အသင်းကို ၂၀၀၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဆုဖလား ဆွတ်ခူးပေးနိုင်ခဲ့ပေမယ့် ရာထူးမှာဆက်ရှိနေဖို့မသေချာဘဲ လမ်းခွဲရနိုင်တယ်လို့ သတင်းတွေထွက်ပေါ်ထားပါတယ်။ သို့သော်လည်း ဩစတြေးလျသားဟာ အသင်းမှာဆက်လက်နေထိုင်လိုကြောင်း အရိပ်အမြွက်ပြောကြားလာခဲ့ပြီး နောက်ရာသီမှာ ပိုကောင်းတဲ့စွမ်းဆောင်ရည်တွေပြသသွားမယ်လို့ ဆိုပါတယ်။ 

ဘီလ်ဘာအိုမှာယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ တော့တင်ဟမ်ဟာ ယူနိုက်တက်ကို ၁-၀ နဲ့အနိုင်ယူကာ ၁၇ နှစ်ကြာဆုဖလားမိုးခေါင်မှုကို ရပ်တန့်နိုင်ခဲ့ပါတယ်။ ဆုဖလားရရှိပြီးနောက် တော့တင်ဟမ်နဲ့ အသင်းပရိသတ်တွေဟာ မြောက်လန်ဒန်မြို့အတွင်း အမိုးဖွင့်ဘက်စ်ကားတွေနဲ့ လှည့်လည်အောင်ပွဲခံခဲ့ကြပါတယ်။ 

သို့သော်လည်း အသင်းအတွက်အောင်မြင်မှုရယူပေးနိုင်ခဲ့ပေမယ့် နည်းပြ ပိုစတီကိုဂလူရဲ့အနာဂတ်ကတော့ မသေချာတဲ့အခြေအနေမှာရှိနေသေးပြီး အသင်းဥက္ကဌ ဒန်နီယယ်လီဗိုင်ရဲ့ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေရဆဲဖြစ်ပါတယ်။ ပိုစတီကိုဂလူကတော့ "အသင်းရဲ့ကစားသမားတွေကို လက်ရှိအဆင့်မှာပဲပျော်နေတာမျိုး မဖြစ်စေချင်ပါဘူး။ နောက်ထပ်လာမယ့်စိန်ခေါ်မှုတွေအတွက် အဆင်သင့်ရှိစေချင်ပါတယ်။ အခုလောက်နဲ့ ပျော်နေလို့မရပါဘူး။ အခုမှ ကျွန်တော်တို့ အစပဲရှိပါသေးတယ်။ ဆက်သွားရပါဦးမယ်" လို့ပြောကြားခဲ့ပါတယ်။ 

တော့တင်ဟမ်သို့ရောက်ရှိကာစမှာ ပိုစတီကိုဂလူက သူဟာ အသင်းသစ်ကိုစတင်ကိုင်တွယ်ပါက ဒုတိယရာသီမှာ ပိုမိုကောင်းမွန်အောင်ကိုင်တွယ်နိုင်ကြောင်း ပြောကြားထားခဲ့ပြီး ယခုအခါမှာတော့ ပြောထားတဲ့အတိုင်း ဒုတိယရာသီမှာ ဥရောပဆုဖလားကို စတင်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ မကြာသေးမီကလည်း ပိုစတီကိုဂလူက  တတိယရာသီဟာ ဒုတိယရာသီထက်ပိုကောင်းလိမ့်မယ်လို့ ပြောကြားထားခဲ့ပါသေးတယ်။ 

တော့တင်ဟမ်ဟာ ယူရိုလိဂ်ဖလားကိုဆွတ်ခူးနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ အမှတ်ပေးဇယားရဲ့ အဆင့် ၁၇ နေရာမှာသာရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အနာဂတ်မှာ အသင်းနဲ့ဆက်လက် လက်တွဲဖို့ မသေချာပေမယ့် ပိုစတီကိုဂလူက သူဟာ တော့တင်ဟမ်အတွက် ဆုဖလားဆွတ်ခူးပေးနိုင်မယ်လို့ ယုံကြည်ခဲ့ကြောင်း ပြောကြားလာခဲ့ပါတယ်။ 

သူက "တော့တင်ဟမ်အတွက် ဆုဖလားအောင်မြင်မှုရယူပေးဖို့က ကျွန်တော့်ရဲ့ကံတရားဖြစ်တယ်လို့ တစ်စုံတစ်ခုက ပြောနေသလိုခံစားခဲ့ရပါတယ်။ ဒီအသင်းနဲ့စတင်ချိတ်ဆက်ကတည်းက ဆုဖလားဆွတ်ခူးပေးနိုင်မယ်လို့ ယုံကြည်နေခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။