The network connection is lost.

Banner Image

ဘရိုက်တန်နဲ့ ရိုးမားတို့ပွဲစဉ်ကို ဘာကြောင့် သွားရောက်ကြည့်ရှုခဲ့သလဲဆိုတာ ရှင်းပြလာတဲ့ ပိုချက်တီနို

ချဲလ်ဆီးနည်းပြ ပိုချက်တီနိုဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဘရိုက်တန်နဲ့ ရိုးမားတို့ ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်ကို သွားရောက်ကြည့်ရှုခဲ့တာကြောင့် မီဒီယာတွေက ပိုချက်တီနိုဟာ အသင်းရဲ့ကင်းထောက်ခရီးစဉ်နဲ့အတူ လိုက်ပါခဲ့တာဖြစ်တယ်လို့ ဖော်ပြခဲ့ကြပါတယ်။ သို့သော်လည်း ယခုအခါမှာတော့ ပိုချက်တီနိုက ကင်းထောက်တာဝန်နဲ့သွားခဲ့တယ်ဆိုတဲ့ ယူဆချက်တွေဟာ မဟုတ်မမှန်ကြောင်း ရယ်မောပြီးရှင်းပြလာခဲ့ပါတယ်။

ဘရိုက်တန်ဟာ ပြီးခဲ့တဲ့အပတ်က ရိုးမားကို အဝေးကွင်းမှာ ၄-၀ နဲ့ ရှုံးနိမ့်ထားခဲ့တာကြောင့် ယခုအိမ်ကွင်းပွဲစဉ်မှာ ပြန်လာနိုင်ဖို့ မလွယ်ကူတော့ဘဲ ၁-၀ ဆိုတဲ့အနိုင်ရလဒ်ကိုသာ ပုံဖော်နိုင်ခဲ့ပြီး ယူရိုပါလိဂ်ပြိုင်ပွဲကို ၁၆ သင်းအဆင့်ကနေပဲ နှုတ်ဆက်ခဲ့ရတာဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ ဘရိုက်တန်ဟာ ဘောလုံးပိုင်ဆိုင်မှု ၆၅ ရာခိုင်နှုန်းအထိအသာစီးယူပြီးကစားနိုင်ခဲ့တဲ့အပြင် ဂိုးပေါက်ကန်သွင်းချက် ၂၁ ကြိမ်အထိပြုလုပ်ခဲ့သော်လည်း လိုအပ်နေတဲ့ဂိုးတွေကိုတော့ ရယူနိုင်ခဲ့ခြင်းမရှိပါဘူး။

အဆိုပါပွဲစဉ်ကို ပိုချက်တီနိုက ကွင်းထဲကထိ ကိုယ်တိုင်ကိုယ်ကျသွားရောက်ကြည့်ရှုခဲ့တာကြောင့် ပရိသတ်တွေအကြား ရှုပ်ထွေးမှုတွေဖြစ်ပေါ်လာပြီး အာဂျင်တီးနားသားဟာ လူငယ်ကစားသမားသစ်တွေကို ခေါ်ယူဖို့ ကင်းထောက်လာခဲ့တာဖြစ်တယ်လို့ ယူဆခဲ့ကြတာဖြစ်ပါတယ်။ ယခုအခါမှာတော့ ပိုချက်တီနိုက နောက်လမှာ ဘရိုက်တန်နဲ့ယှဉ်ပြိုင်ရဖို့ရှိနေတာကြောင့် ပွဲစဉ်မတိုင်ခင် အသင်းရဲ့အခြေအနေကို တိုက်ရိုက်ကြည့်ရှုဖို့ ကွင်းထဲအထိလာရောက်ခဲ့တာဖြစ်တယ်လို့ ဆိုလာပါတယ်။

သတင်းထောက်တွေက ဘရိုက်တန်ရဲ့ကွင်းကို ကင်းထောက်အနေနဲ့ လာရောက်ကြည့်ရှုခဲ့တာလားလို့ မေးမြန်းခဲ့ရာ ပိုချက်တီနိုက “မဟုတ်ပါဘူး၊ မဟုတ်ဘူး ကျွန်တော့်အလုပ်က ကင်းထောက်ဖို့မဟုတ်ပါဘူး(ရယ်လျက်)။ ကျွန်တော်တို့က ဘရိုက်တန်နဲ့ လာမယ့် ၃ ပတ်အတွင်းမှာ ယှဉ်ပြိုင်ရဖို့ရှိတာကြောင့် အသင်းရဲ့အခြေအနေကို လာအကဲခတ်တာပါ။ ပြီးတော့ အခုလို ဘောလုံးပွဲတစ်ပွဲကို အပြင်မှာတိုက်ရိုက်ကြည့်ရှုရတာကလည်း အခွင့်အရေးကောင်းတစ်ခုပါပဲ။ ကျွန်တော်တို့မှာက အချိန်သိပ်မရှိဘူးလေ။ ဒီပွဲကလည်း တကယ်ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ ဘရိုက်တန်ကိုသာမက ရိုးမားရဲ့ကစားဟန်ကိုကြည့်ရတာကလည်း အရမ်းကောင်းပါတယ်” လို့ပြောကြားခဲ့ပါတယ်။

လာမယ့်တနင်္ဂနွေနေ့မှာတော့ ချဲလ်ဆီးအသင်းဟာ ဆီမီးဖိုင်နယ်ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် လက်စတာနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ လက်စတာနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်နဲ့ပတ်သက်ပြီး ပိုချက်တီနိုက “ဒီအက်ဖ်အေဖလားပွဲစဉ်က အရေးကြီးပါတယ်။ လက်စတာစီးတီးကလည်း အကောင်းဆုံးပုံစံတွေပြသထားနိုင်ပြီး သူတို့နည်းပြကလည်း အလုပ်ကောင်းကောင်းလုပ်ထားနိုင်ပါတယ်။ ဒီပွဲက တကယ်ခက်ခဲတဲ့ ပွဲစဉ်ဖြစ်လာမှာပါ။ ချန်ပီယံရှစ်မှာလည်း သူတို့က အကောင်းဆုံးလုပ်ပြထားနိုင်တာပါ။ ကျွန်တော်တို့ဘက်ကလည်း ကျစ်ကျစ်လစ်လစ်ရှိနေဖို့လိုပါတယ်” လို့ပြောကြားခဲ့ပါတယ်။