The network connection is lost.

Banner Image

မန်စီးတီးက ထိပ်ဆုံးနေရာမှာ ထာဝရရှိနေမှာမဟုတ်ကြောင်း ဖိုဒန် ဝန်ခံ

မန်ချက်စတာစီးတီးကြယ်ပွင့် ဖီးလ်ဖိုဒန်က အသင်းဟာ ထိပ်ဆုံးနေရာမှာ ထာဝရရပ်တည်ထားနိုင်မှာမဟုတ်ကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။  ပရီးမီးယားလိဂ်ဆုဖလားကို စံချိန်တင် ၄ နှစ်ဆက်တိုက်ဆွတ်ခူးထားတဲ့ မန်စီးတီးဟာ ဒီရာသီမှာတော့ ချန်ပီယံဆုကို လက်လွှတ်ရဖို့သေချာနေပြီး လက်ရှိအချိန်မှာ အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာသို့ ကျဆင်းသွားခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် ဖိုဒန်က ထိပ်ဆုံးက လီဗာပူးနဲ့ ရမှတ် ၂၂ မှတ်အထိကွာဟနေတဲ့ ပက်ဂွါဒီယိုလာရဲ့အသင်းဟာ ထိပ်ဆုံးမှာ အမြဲတမ်းရပ်တည်ထားနိုင်မှာမဟုတ်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ 

ကွင်းလယ်တိုက်စစ်ကစားသမားက "ကျွန်တော်တို့ ဒီရာသီမှာ ရုန်းကန်ရမှုတွေ အများကြီးရှိခဲ့ပါတယ်။ အထူးသဖြင့် ဒဏ်ရာပြဿနာတွေက အသင်းကို ထိုးနှက်ခဲ့တာပါ။ ဘယ်သူမှ ထိပ်ဆုံးမှာ ထာဝရရပ်တည်နိုင်မှာမဟုတ်ပါဘူး။ တစ်ခါတလေမှာ နိမ့်ကျမှုတွေနဲ့လည်း ကြုံတွေ့ရမှာပါပဲ။ ပြောင်းလဲစရာ ကြီးကြီးမားမား မရှိပါဘူး။ အသင်းရဲ့နည်းပြအပေါ်မှာ ယုံကြည်နေဖို့ပဲလိုပါတယ်။ ပြီးတော့ ကြံ့ခိုင်မှုတည်ဆောက်ဖို့နဲ့ စိတ်ဓာတ်ခွန်အားတွေ ပြန်လည်ရရှိဖို့ကြိုးစားသွားရပါမယ်။ ကျွန်တော်တို့ ပြန်လာနိုင်ဖို့အတွက် လိုအပ်ချက်တွေက ဒီလောက်ပါပဲ" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး ဒီရာသီမှာ သူကိုယ်တိုင်လည်း ပုံစံကောင်းရဖို့ ရုန်းကန်ခဲ့ရကြောင်းကို အင်္ဂလန်လက်ရွေးစင်က "ကျွန်တော်ဒီရာသီကနေ အများကြီးသင်ယူခဲ့ရပါတယ်။ ဆုဖလားတွေရရှိဖို့အတွက် ဘယ်လောက်အထိ ပေးဆပ်ဖို့လိုအပ်သလဲဆိုတာလည်း သိခဲ့ရပါတယ်။ နောက်ရာသီမှာ ပိုကောင်းလာဖို့ ဒီရာသီက သင်ကြားပေးခဲ့ပါတယ်။ လာမယ့်နှစ်မှာတော့ ကျွန်တော်တို့ရဲ့ ပုံစံအတိုင်း အကောင်းဆုံးပြန်လာနိုင်ဖို့ မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

မန်စီးတီးဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်း ဆုဖလားလက်မဲ့ရာသီနဲ့ ပထမဆုံးအကြိမ်ကြုံတွေ့ရဖို့တော့ အလားအလာမရှိသေးပါဘူး။ ဂွါဒီယိုလာရဲ့အသင်းဟာ အက်ဖ်အေဖလားပြိုင်ပွဲမှာ ဆက်လက်ကျန်ရှိနေဆဲဖြစ်ပြီး ယခုလနှောင်းပိုင်းမှာ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် နော်တင်ဟမ်ဖောရက်စ်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။