
ဘာစီလိုနာဂန္ထဝင်အကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ပီဒရီ
ဘာစီလိုနာကွင်းလယ်လူ ပီဒရီက ၂၀၂၁ နွေရာသီတုန်းက မက်ဆီတစ်ယောက် ဘာစီလိုနာကနေထွက်ခွာတာကို ယုံကြည်ဖို့ခက်ခဲခဲ့တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့အတူ ကာလရှည်ကစားခဲ့တာဖြစ်ပြီး ဘဏ္ဍာရေးအခြေအနေကြောင့် ၂၀၂၁ တုန်းက လမ်းခွဲခဲ့တာလို့ သတင်းတွေကဆိုပါတယ်။
အဲ့နောက် ပီအက်စ်ဂျီကိုမပြောင်းခင်မှာ မျက်ရည်တွေနဲ့အတူ ကာလရှည်ကစားခဲ့တဲ့ ဘာစီလိုနာကို နှုတ်ဆက်ခဲ့ပါတယ်။ အာဂျင်တိုင်းသားတစ်ယောက် ပြင်သစ်မြေကို ပြောင်းရွှေ့ခဲ့ပေမယ့် တကယ်ထွက်ခွာရတဲ့အကြောင်းအရင်းက ရှိနေတာဖြစ်ပါတယ်။ မက်ဆီအသင်းပြောင်းချိန်မှာ ပီဒရီဟာ ဘာစီလိုနာကစားသမားဘ၀ ၁၂ လသာရှိနေသေးတာဖြစ်ပြီး မက်ဆီထွက်ခွာတော့မယ်ဆိုတဲ့သတင်းတွေကို ယုံကြည်ဖို့ခက်ခဲခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
“မက်ဆီထွက်ခွာချိန်မှာ တော်တော်လေးရှော့ခ်ရခဲ့ပါတယ်။ ကျွန်တော် အိုလံပစ်ပြိုင်ပွဲကစားနေတာပါ။ အဲ့သတင်းကို ယုံကြည်ဖို့ ခက်ခဲခဲ့ပါတယ်။ ကျွန်တော် မက်ဆီရှိတဲ့ဆီကိုပဲ ဘောလုံးပေးလေ့ရှိတာပါ။ သူက ကျွန်တော့်ထက်ပိုကောင်းတာကြောင့်ပါ။ သူ့ကိုလေ့ကျင့်ခန်းအစီအစဉ်မှာ မြင်ဖူးပါတယ်။ ကျွန်တော်တို့ သူ့ကိုမြင်လိုက်ရလို့ ကံကောင်းပါတယ်”လို့ ပီဒရီက ဖြေကြားခဲ့ပါတယ်။ မက်ဆီတစ်ယောက် လက်ရှိအမေရိကမြေမှာကစားနေပြီး စာချုပ်သက်တမ်းတိုးဖွယ်ရှိနေပါတယ်။ ဒါပေမယ့် မက်ဆီအနေနဲ့ အသင်းဟောင်းထံ နူးကမ့်ကွင်းဖွင့်ပွဲမှာ ပြန်လည်လာရောက်ကစားဖို့ရှိနေတာဖြစ်ပါတယ်။