The network connection is lost.

Banner Image

နာပိုလီမှထွက်ခွာဖို့ အလားအလာများနေတဲ့ အိုဆီမင်

နာပိုလီကြယ်ပွင့်တိုက်စစ်မှူး ဗစ်တာအိုဆီမင်ဟာ ပီအက်စ်ဂျီအသင်းရဲ့  ချိတ်ဆက်မှုတွေကို ခံနေရတဲ့အပြင် ယခုအခါမှာ အသင်းနည်းပြ အန်တိုနီယိုကွန်တီက အက်ဂ်နေးရှားနဲ့ကစားမယ့် ရာသီကြိုခြေစမ်းပွဲအတွက် အသင်းရဲ့လူစာရင်းကနေ ထုတ်ပယ်ခဲ့တာကြောင့် ယခုနွေရာသီမှာပဲ အသင်းမှထွက်ခွာဖို့ အလားအလာများနေပါတယ်။

အိုဆီမင်ဟာ လက်ရှိဘောလုံးလောကရဲ့ အကောင်းဆုံးတိုက်စစ်မှူးတွေထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး ဥရောပတစ်ဝှမ်းကလပ်အသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်ပေမယ့် နာပိုလီက ကစားသမားရဲ့စာချုပ်ဖျက်သိမ်းကြေးကို ပေါင်သန်း ၁၁၀ အထိသတ်မှတ်ထားတာကြောင့် ရောင်းချနိုင်ဖို့အခက်ကြုံနေတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ပီအက်စ်ဂျီက အသက်-၂၅ နှစ်အရွယ် ကစားသမားကိုခေါ်ယူဖို့ ဖြစ်နိုင်ချေအရှိဆုံးဖြစ်နေပေမယ့် ဆွေးနွေးမှုတွေက တိုးတက်ခြင်းမရှိဘဲ ရပ်တန့်နေဆဲဖြစ်ပါတယ်။

သို့သော်လည်း နည်းပြ ကွန်တီက အက်ဂ်နေးရှားနဲ့ ကစားမယ့် နာပိုလီရဲ့ရာသီကြိုခြေစမ်းပွဲစဉ်အတွက် အသင်းရဲ့လူစာရင်းမှာ အိုဆီမင်ကို ထည့်သွင်းခဲ့ခြင်းမရှိတာကြောင့် ကစားသမားရဲ့အနာဂတ်ဟာ သံသယဝင်စရာဖြစ်လာပါတယ်။ အပြောင်းအရွှေ့ကျွမ်းကျင် ဖာဘရီဇီယိုရိုမာနိုရဲ့ အဆိုအရ အိုဆီမင်က နာပိုလီမှ ထွက်ခွာလိုနေတယ်လို့သိရပြီး နာပိုလီအနေနဲ့လည်း ပြီးခဲ့တဲ့ရာသီက အင်တာမီလန်မှာအငှားနဲ့ လာရောက်ကစားခဲ့တဲ့ ချဲလ်ဆီးတိုက်စစ်မှူး ရိုမီယိုလူကာကူကို ခေါ်ယူလိုနေပါတယ်။

 သို့သော်လည်း ဆွေးနွေးမှုတွေက တိုးတက်မှုမရှိတာကြောင့် နာပိုလီနဲ့ ၂၀၂၆ ခုနှစ်နွေရာသီအထိ စာချုပ်သက်တမ်းကျန်ရှိနေသေးတဲ့ အိုဆီမင်က အသင်းမှာပဲ ဆက်လက်ကစားသွားရဖို့ အလားအလာများနေသလို၊ လူကာကူအနေနဲ့လည်း စီးရီးအေသို့ပြန်လာဖို့ မသေချာပါဘူး။ နိုင်ဂျီးရီးယားကလပ် လာဂို့စ်အကယ်ဒမီထွက် အိုဆီမင်ဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ဝုဖ်ဘတ်မှာ စတင်ခဲ့တာဖြစ်ပြီး ဘယ်လ်ဂျီယံကလပ် ချာလာရိုအီမှာလည်းကစားခဲ့ဖူးပါတယ်။

၂၀၁၉ ခုနှစ်မှာတော့ တိုက်စစ်မှူးဟာ လိုင်လီသို့ပြောင်းရွှေ့ခဲ့ပြီး လီဂူးဝမ်းကလပ်အတွက် ၃၉ ပွဲကစားကာ ၁၈ ဂိုးသွင်းယူပေးခဲ့ပါတယ်။ ၁ နှစ်အကြာမှာတော့ နိုင်ဂျီးရီးယား လက်ရွေးစင်ကစားသမားဟာ နာပိုလီသို့ရောက်ရှိလာခဲ့ပြီး ခြေစွမ်းကောင်းကို တောက်လျှောက်ပြသထားနိုင်ခဲ့တာဖြစ်ပါတယ်။

ရာသီကြိုခြေစမ်းပွဲစဉ်တွေမှာ နာပိုလီဟာ ဗုဒ္ဓဟူးနေ့မှာ ဘရက်စ်၊ စနေနေ့မှာ ဂျီရိုနာတို့နဲ့ ကစားသွားရမှာဖြစ်ပြီး အိုဆီမင်အနေနဲ့ အဆိုပါပွဲစဉ်တွေမှာတော့ အသင်းအတွက် ပြန်လည်ပါဝင်ခွင့်ရမလားစောင့်ကြည့်သွားရမှာဖြစ်ပါတယ်။