ယူနိုက်တက်ကစားသမားသစ် ယိုရိုနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ အိုနာနာ
ယူနိုက်တက်ဂိုးသမား အိုနာနာက အသင်းဖော်သစ် ယိုရိုရဲ့ပွဲဦးထွက်စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး သူ့အမြင်ကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ လိုင်လီအသင်းထံကနေ ပေါင် ၅၂ သန်းနဲ့ ယူနိုက်တက်ထံပြောင်းရွှေ့လာခဲ့ပြီးနောက် ယိုရိုဟာ စနေနေ့ ရိန်းဂျားစ်ကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ခြေစမ်းပွဲမှာ ပထမပိုင်းကို ပါဝင်ကစားခဲ့ပါတယ်။
ယိုရိုရဲ့တန်ကြေးကြောင့် ဒီရာသီမှာ သူ့အပေါ် စောင့်ကြည့်မယ့်သူတွေ များလာနိုင်ပါတယ်။ ဒါပေမယ့်လည်း အိုနာနာက အသက် ၁၈ နှစ်သားဟာ ထိပ်တန်းကစားသမားတစ်ဦးလို့ ယုံကြည်နေပါတယ်။
ယိုရိုဟာ တန်ဟက်လက်အောက်မှာ အလျင်အမြန်အထိုင်ကျလာဖွယ်ရှိနေပြီး အဓိက ကစားသမားဖြစ်လာဖွယ်ရှိနေပါတယ်။ ရိန်းဂျားစ်နဲ့ပွဲဦးထွက်မှာ ယိုရိုတစ်ယောက် ခြေစွမ်းကောင်းပြသနိုင်ခဲ့ပြီး အိုနာနာကလည်း သဘောကျနေပါတယ်။
“ယူနိုက်တက်ကစားသမားဖြစ်လာတယ်ဆိုတာ ခင်ဗျားမှာ အရည်အချင်းအများကြီးရှိနေတာကြောင့်ပါ။ ပထမပိုင်းမှာ သူ(ယိုရို)တစ်ယောက် ခြေစွမ်းကောင်းပြသနိုင်ခဲ့ပါတယ်။ သူက အရမ်းကိုမှငယ်ရွယ်ပြီး တကယ်အလားအလာရှိတဲ့ကောင်လေးပါ။ ဘောလုံးအပေါ်မှာလည်း နိုင်နင်းတဲ့သူပါ။ ဒီရာသီသူ့ရဲ့ခြေစွမ်းကောင်းတွေကို မြင်နိုင်မှာ သေချာပါတယ်။ သူလုပ်ပြပါလိမ့်မယ်။ အသင်းကိုလည်း အများကြီးကူညီပေးနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့က ဦးဆောင်သူတွေအဖြစ်နဲ့ သူကလည်း လူငယ်တစ်ဦးအဖြစ် လုပ်ပြပါလိမ့်မယ်။ သူက အသင်းမှာအဆင်ပြေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အရမ်းကောင်းတဲ့ကင်းထောက်တွေရှိနေတာကြောင့်ပါ”လို့ အိုနာနာက ပြောကြားခဲ့ပါတယ်။
ယိုရိုဟာ လိုင်လီအတွက် ပြီးခဲ့တဲ့ရာသီတုန်းက ပွဲ ၆၀ ပါဝင်ကစားခဲ့ကာ ပြင်သစ်ယူ - ၂၁ အသင်း အတွက်လည်း ကိုယ်စားပြုပါဝင်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ အလုပ်များနေပြီး ဇီကာဇီနဲ့ ယိုရိုတို့ကို ခေါ်ယူထားနိုင်ခဲ့ကာ ကွင်းလယ်ပိုင်းကိုလည်း အားဖြည့်ဖို့ ပြင်ဆင်နေပါတယ်။
ရိုဆန်ဘာ့ဂျ်အသင်းကို ၁-၀ နဲ့ အရေးနိမ့်ခဲ့ပြီးနောက် တန်ဟက်ရဲ့အသင်းဟာ ရိန်းဂျားစ်အသင်းကို ဒီယာလို ၊ ဟူဂေးလ်တို့ရဲ့ဂိုးတွေနဲ့အနိုင်ရပြီး ပြန်လာနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ လာမယ့်ခြေစမ်းပွဲအဖြစ် အာဆင်နယ်နဲ့အမေရိကမြေမှာ ခြေစမ်းမှာဖြစ်ပြီး အိုနာနာက ရိန်းဂျားစ်နဲ့ပွဲမှာ ပါဝင်လာနိုင်ခဲ့သလို ဆန်ချိုလည်း လူစာရင်းမှာ ပြန်လည်ပါဝင်လာခဲ့ပါတယ်။