
ယူ-၁၆ အသင်းမှလွဲပြီး ယူနိုက်တက်ရဲ့ လက်မှတ်တန်ဖိုးများ ၅ ရာခိုင်နှုန်းမြင့်တက်
မန်ချက်စတာယူနိုက်တက်ဟာ ယူ-၁၆ အသင်းမှာလွဲပြီး အမျိုးသမီးအသင်းနဲ့ စီနီယာအသင်းအပါအဝင် ကလပ်မှအခြားအသင်းတွေရဲ့ လက်မှတ်တန်ဖိုးတွေကို ၅ ရာခိုင်နှုန်းအထိ မြှင့်တင်ထားတယ်လို့ အတည်ပြုထုတ်ပြန်လာခဲ့ပါတယ်။
ကလပ်ရဲ့ထုတ်ပြန်ချက်မှာ စီအီးအို အိုနာဘာရာဒါက "ပရိသတ်တွေရဲ့ သစ္စာရှိရှိအားပေးမှုနဲ့ စိတ်ရှည်မှုတွေအတွက် ကျွန်တော်တို့ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးထောက်ခံမှုက ဘယ်လောက်အထိအရေးပါတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါကြောင့် အသင်းရဲ့ရာသီလက်မှတ်တန်ဖိုးတွေကို သင့်တင်မျှတပြီး ကျိုးကြောင်းဆီလျော်တဲ့ ဈေးနှုန်းနဲ့ ရောင်းချသွားဖို့ ပြင်ဆင်ထားပါတယ်"
"၁၁ နှစ်ဆက်တိုက် မပြောင်းမလဲရှိနေခဲ့တဲ့ အသင်းရဲ့လက်မှတ်တန်ဖိုးတွေကို ပြီးခဲ့တဲ့ ၂ ရာသီမှာ ၅ ရာခိုင်နှုန်းမြှင့်တင်ခဲ့ပြီး နောက်ရာသီမှာလည်း ၅ ရာခိုင်နှုန်း ဆက်လက်မြှင့်တင်သွားမှာဖြစ်ပါတယ်။ အသင်းရဲ့ စွမ်းဆောင်ရည်ကျဆင်းမှုနဲ့ ရလဒ်တွေနိမ့်ကျနေချိန်မှာ အခုလို လက်မှတ်တန်ဖိုးကို မြှင့်တင်တာက လက်မခံနိုင်စရာဖြစ်ပေမယ့် ကလပ်ရဲ့ ငွေကြေးပြဿနာတွေနဲ့ ကုန်ကျစရိတ်မြင့်တက်မှုတွေအရ ပြောင်းလဲဖို့လိုအပ်လာခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ကလပ်ရဲ့ အဓိကရင်းနှီးမြှုပ်နှံသူ ပူးတွဲပိုင်ရှင် ဆာဂျင်မ်ရက်ကလစ်ဖ်စတင်ရောက်ရှိလာချိန်ကတည်းက ယူနိုက်တက်ရဲ့ ငွေကြေးဆိုင်ရာလုပ်ငန်းတွေဟာ အပြောင်းအလဲများစွာဖြစ်ပေါ်လာခဲ့ပြီး မကြာသေးမီကလည်း ကုန်ကျစရိတ်ချွေတာဖို့ ကလပ်ရဲ့ဝန်ထမ်းရာချီကို ရာထူးကနေ ပယ်ရှားထားခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်က ဂယ်ရီနဗီးလ်နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာလည်း ရက်ကလစ်ဖ်က အသင်းရဲ့လက်မှတ်ဈေးနှုန်းတွေကို အနည်းငယ်မြှင့်တင်သွားဖို့စီစဉ်ထားကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဗြိတိန်ဘီလီယံနာက "ကျွန်တော်တို့ ဈေးနည်းနည်းမြင့်တင်သွားပါမယ်။ ဒါပေမယ့် အများကြီးတော့မဟုတ်ပါဘူး" လို့ပြောကြားခဲ့တာဖြစ်ပါတယ်။
ဆက်လက်ပြီး အိုမာဘာရာဒါက အခုလို လက်မှတ်တန်ဖိုးကိုမြှင့်တင်ရာမှာ ယူနိုက်တက်ရဲ့ ပရိသတ်အကြံပေးဘုတ်အဖွဲ့က ထောက်ခံမှုမပြုလုပ်ခဲ့ကြောင်းလည်း ဝန်ခံခဲ့ပါတယ်။ အခုလို ယူနိုက်တက်ရဲ့ လက်မှတ်တန်ဖိုးမြင့်တက်မှုအပေါ် ပရိသတ်အချို့က ကျေနပ်ခြင်းမရှိကြဘဲ ဆိုရှယ်မီဒီယာမှတစ်ဆင့် ဝေဖန်ပြောဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်။
ပရိသတ်အချို့ကလည်း အခုလိုဈေးနှုန်းမြင့်တက်မှုအပေါ်ထောက်ခံခဲ့ကြပြီး သင့်တင့်မျှတတဲ့ ဈေးနှုန်းဖြစ်တယ်လို့ မှတ်ချက်ပြုထားကြပါတယ်။ ပရိသတ်တစ်ဦးကတော့ သူ့အနေနဲ့ တစ်ရာသီလုံးစာ လက်မှတ်တွေကို ပုံမှန်အတိုင်း ဝယ်ယူတော့မှာမဟုတ်ဘူးလို့ဆိုပါတယ်။