
ယူနိုက်တက်မှာ ရက်ရှ်ဖို့ဒ်အတွက် ပြန်လမ်းမရှိတော့ဘူးလို့ဆိုလိုက်တဲ့ ဖာဒီနန်
မန်ချက်စတာယူနိုက်တက်ဂန္ထဝင်နောက်ခံလူဟောင်း ရီယိုဖာဒီနန်က အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်အနေနဲ့ နည်းပြရူဘင်အာမိုရင်လက်အောက်မှာ နောက်ထပ်ကစားခွင့်ရဖို့မသေချာကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ကတည်းက ယူနိုက်တက်အတွက် ကစားခွင့်မရခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ ယခုအခါမှာလည်း အသင်းရဲ့လူစာရင်းကနေ တောက်လျှောက်ချန်လှပ်ခံထားရပြီး အိုးလ်ထရက်ဖို့ဒ်ကနေထွက်ခွာတော့မယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။
တနင်္ဂနွေနေ့က ဖူလ်ဟမ်ကို ၀-၁ နဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ ရက်ရှ်ဖို့ဒ်ကို ချန်လှပ်ခဲ့ခြင်းနဲ့ပတ်သက်ပြီး မေးမြန်းမှုပြုလုပ်ခဲ့ရာမှာ နည်းပြအာမိုရင်က သူ့အနေနဲ့ အသင်းအတွက် အစွမ်းကုန်ပေးဆပ်လိုခြင်းမရှိတဲ့ကစားသမားကို ပွဲထုတ်မယ့်အစား အသက်-၆၃ နှစ်အရွယ် ဂိုးနည်းပြ ဂျော့ဂျ်ဗီတယ်လ်ကိုပဲ ကစားခွင့်ပြုသွားမယ်လို့ ပြတ်ပြတ်သားသားပြောကြားထားခဲ့တာဖြစ်ပါတယ်။
ပေါ်တူဂီသားနည်းပြက “သူ့ကိုချန်လှပ်ခဲ့တဲ့ အကြောင်းအရင်းက လေ့ကျင့်ရေးအစီအစဉ်ကြောင့်ပါပဲ။ ကျွန်တော့်အနေနဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ ကစားသမားတွေကို အမြင်တစ်မျိုးတည်းနဲ့ပဲကြည့်ပါတယ်။ နေ့ရက်တိုင်းမှာ အသေးစိတ်အချက်အလက်တွေကို စောင့်ကြည့်နေတာပါ။ ဒါကြောင့် သူ့အနေနဲ့ ပြောင်းလဲမှုမရှိရင် ကျွန်တော်လည်း ပြောင်းလဲမှာမဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့ ကစားသမားလိုအပ်လာရင် အသင်းအတွက် အပြည့်အဝမပေးဆပ်တဲ့ကစားသမားတစ်ယောက်အစား ဂျော့ဂျ်ဗီတယ်လ်ကိုပဲ လူစာရင်းမှာထည့်လိုက်ပါမယ်။ ကျွန်တော်ကတော့ ပြောင်းလဲမှုရှိမှာမဟုတ်ပါဘူး” လို့ပြောကြားခဲ့ပါတယ်။
ယခုအခါမှာတော့ အဆိုပါမှတ်ချက်နဲ့ပတ်သက်ပြီး ဖာဒီနန်က သူသာ ရက်ရှ်ဖို့ဒ်နေရာမှာဆို ဒီလိုအခြေအနေအပေါ်မှာ အရှက်ရနေမှာဖြစ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလားကိုဆွတ်ခူးပေးနိုင်ခဲ့တဲ့ နောက်ခံလူက “တကယ်လို့ ကျွန်တော်သာအဲဒီလိုအပြောခံရရင် အတော်လေးရှက်မိမှာပါ။ ကစားသမားတိုင်းမှာ ခက်ခဲတဲ့အခိုက်အတန့်တွေနဲ့ ယုံကြည်ချက်ပျောက်ဆုံးတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အမြဲတမ်းအစွမ်းကုန်ကြိုးစားနေဖို့လိုပါတယ်။ အာမိုရင်ရဲ့မှတ်ချက်က တကယ်ကိုကြမ်းတမ်းပေမယ့် သူဒါကို မစဉ်းစားဘဲပြောနေတာတော့မဟုတ်ပါဘူး။ နောက်ပိုင်းမှာဘာတွေဖြစ်လာနိုင်သလဲဆိုတော့ ယူနိုက်တက်မှာ ရက်ရှ်ဖို့ဒ်အတွက် ပြန်လမ်းရှိမှာမဟုတ်တော့ပါဘူး။ ဒီလိုမှတ်ချက်နဲ့ဆိုရင်တော့ အိုးလ်ထရက်ဖို့ဒ်မှာ ရက်ရှ်ဖို့ဒ်ပြန်ကစားနိုင်ဖို့မရှိတော့ပါဘူး” လို့ပြောကြားခဲ့ပါတယ်။
ဒီဇင်ဘာလအတွင်းမှာ ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်ကနေထွက်ခွာပြီး အသင်းသစ်သို့ပြောင်းရွှေ့ကစားဖို့ အဆင်သင့်ဖြစ်နေကြောင်း တရားဝင်ပြောကြားထားပေမယ့် အခုချိန်အထိတော့ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာနိုင်ခြင်းမရှိသေးပါဘူး။ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၄၂၆ ပွဲကစားပြီး ၁၃၈ ဂိုးအထိသွင်းယူပေးထားတဲ့ရက်ရှ်ဖို့ဒ်ကို ဥရောပထိပ်သီးကလပ်တွေဖြစ်တဲ့ ဘာစီလိုနာ၊ ဒေါ့မွန်နဲ့ အေစီမီလန်တို့က စိတ်ဝင်စားနေတယ်လို့လည်းသိရပါတယ်။ သို့သော်လည်း ယူနိုက်တက်နဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးတဲ့ အသက်-၂၇ နှစ်အရွယ်အင်္ဂလန်သားရဲ့ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းကိုပေးချေနိုင်ဖို့တော့ အဆိုပါကလပ်တွေအနေနဲ့လည်း အခက်အခဲရှိနေတာဖြစ်ပါတယ်။