
ချန်ပီယံလိဂ်မှထွက်ခွာလာပြီးနောက် အယ်လ်ကလက်စီကိုမှာ နိုင်ပွဲရရှိဖို့ မျှော်မှန်းနေတဲ့ ဆက်ဇ်နီ
ဘာစီလိုနာဂိုးသမားဆက်ဇ်နီက ရီးရဲလ်မက်ဒရစ်နဲ့ရင်ဆိုင်ရမယ့် သီတင်းပတ်မှာပဲ ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာလာရမှုအတွက် သူ့ရဲ့အသင်းဖော်တွေကိုယ်တိုင် ပြန်ရုန်းထလာဖို့ အခက်အခဲမရှိနိုင်ဘူးလို့ ယုံကြည်နေပါတယ်။
ဟန်စီဖလစ်ခ်ရဲ့အသင်းက လာမယ့်တနင်္ဂနွေနေ့မှာပဲ အယ်လ်ကလက်စီကိုပွဲစဉ် ကစားရဖို့ရှိနေပြီး နိုင်ပွဲဖော်ဆောင်နိုင်မယ်ဆိုရင် လာလီဂါချန်ပီယံဆုဆွတ်ခူးနိုင်ဖို့ အတော်လေးနီးစပ်လာမယ်ဆိုတာ သူတို့ကိုယ်တိုင် သိရှိထားပါတယ်။ ဆက်ဇ်နီကိုယ်တိုင်လည်း ဆန်စီရိုမှာ အင်တာမီလန်ကိုရှုံးနိမ့်ခဲ့မှုနဲ့ အခုသီတင်းပတ်ကုန် ပွဲကြီးပွဲကောင်းအတွက် အဆင်သင့်ဖြစ်နေပုံတို့ကို ထုတ်ဖော်ပြောပြခဲ့ပါတယ်။
သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ဆက်ဇ်နီက “ စပိန်ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပေးနိုင်ဖွယ်ရှိတဲ့၊ အခုဘောလုံးရာသီ၊ အရေးအကြီးဆုံးပွဲစဉ်အတွက် ဘယ်သူ့ကိုမှလှုံ့ဆော်ပေးနေစရာ မလိုအပ်ဘူးလို့ ယူဆမိပါတယ်။ ဒီအသင်းက လာမယ့်တနင်္ဂနွေနေ့၊ အယ်လ်ကလက်စီကိုပွဲစဉ်ကို အနိုင်ရရှိဖို့နဲ့ ချန်ပီယံဆုဆီ လက်တွေ့ကျကျချဉ်းကပ်နိုင်ဖို့အတွက် အမြင့်ဆုံးအဆင့်အတန်းမှာကစားနိုင်ရေး ရုပ်ပိုင်းဆိုင်ရာအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ ပြန်လည်ကောင်းမွန်လာလိမ့်မယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး ဂိုးသမားက အခုဘောလုံးရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘာစီလိုနာအသင်းဖြတ်ကျော်ခဲ့တဲ့ ခရီးလမ်းအတွက် ဂုဏ်ယူနေပြီး အသင်းအတွက် တောက်ပတဲ့အနာဂတ်ကို မြင်တွေ့နေရပြီလို့ ယူဆနေပါတယ်။
ဆက်ဇ်နီက “ ဒေါသထွက်နေဖို့ထက် အလွန်ငယ်ရွယ်ပြီး ကစားသမားဘဝစတင်ခါစ ဒီကောင်လေးတွေအတွက်ပဲ ကျွန်တော် ဂုဏ်ယူမိပါတယ်။ သူတို့အားလုံးက ဒီဆုဖလားကို အကြိမ်ပေါင်းများစွာ ဆွတ်ခူးနိုင်စွမ်းရှိတယ်ဆိုတာကို ပြသခဲ့ပြီးပါပြီ။ အခုအချိန်မှာတော့ ဝမ်းနည်းစရာတွေ ရှိပေမယ့် သူတို့ရှေ့မှာ တောက်ပတဲ့အနာဂတ်တစ်ခု ရှိနေလို့ ကမ္ဘာကြီးရဲ့အဆုံးသတ်တစ်ခု မဖြစ်လာသေးပါဘူး”လို့ ဆက်ပြောပါတယ်။
အစောပိုင်း၊ ဟန်စီဖလစ်ခ်ရဲ့အတည်ပြုထားမှုအရ ဆက်ဇ်နီက အင်တာမီလန်နဲ့ပွဲစဉ်ရော၊ ရီးရဲလ်မက်ဒရစ်နဲ့ပွဲစဉ်မှာပါ အသင်းရဲ့ဂိုးပေါက်ကို စောင့်ရှောက်ပေးသွားရပါလိမ့်မယ်။