The network connection is lost.

Banner Image

ချန်ပီယံလိဂ်မှထွက်ခွာလာရခြင်းအတွက် အကြောင်းပြချက်ပေးဖို့မရှိတဲ့ အန်ဆယ်လော့တီ

ဒီနေ့မနက်ပိုင်း၊ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မှာ အာဆင်နယ်ကိုရှုံးနိမ့်ကာ ထွက်ခွာလာရပြီးနောက် ရီးရဲလ်မက်ဒရစ်ရဲ့စံချိန်တင်နည်းပြကြီးအန်ဆယ်လော့တီအတွက် အကြောင်းပြချက်ပေးစရာ မရှိတော့ပါဘူး။ အီတာလျံသား အန်ဆယ်လော့တီက ပြီးခဲ့တဲ့နှစ်၊ ဝင်ဘာလေကွင်းမှာ ဒေါ့မွန်ကိုအနိုင်ယူပြီး သူ့အတွက် စံချိန်တင်ငါးကြိမ်မြောက်ချန်ပီယံလိဂ်ဆုဖလားကို အနိုင်ရရှိခဲ့ပေမယ့် အခုဘောလုံးရာသီမှာတော့ အာဆင်နယ်ကို နှစ်ကျော့ပေါင်းရလဒ် ၅-၁ ဂိုးဖြင့် ပြတ်ပြတ်သားသားရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရပါတယ်။

သူက “ အရိုးသားဆုံးပြောရရင် နှစ်ပွဲလုံးမှာ အာဆင်နယ်က အနိုင်ရလဒ်နဲ့ထိုက်တန်ခဲ့ပြီး ဆီမီးဖိုင်နယ်လည်း တက်ရောက်နိုင်ခဲ့ပါတယ်။ ဘောလုံးမှာ ဘက်နှစ်ဖက်ရှိပါတယ်။ ကျွန်တော်တို့တွေ ပျော်ရွှင်မှုဆိုတဲ့အပိုင်းကို အကြိမ်ကြိမ်ကြုံတွေ့ခဲ့ဖူးသလို ဝမ်းနည်းရမယ့်အပိုင်းမှာလည်း အတူတကွကိုင်တွယ်သွားနိုင်ဖို့ လိုအပ်ပါတယ်။ဝမ်းနည်းရမှုအပိုင်းက အခြားအသင်းတွေထက် ကျွန်တော်တို့အတွက် နည်းပါးတယ်ဆိုပေမယ့် ဒါကို စီမံခန့်ခွဲတက်ဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုဝမ်းနည်းရမှုက နောက်ပွဲစဉ်မှာ ပိုကောင်းလာအောင်လုပ်ပေးနိုင်လို့ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ဆာကာရဲ့ပွဲချိန်အစောပိုင်းပယ်နယ်တီကန်သွင်းမှုကို ရီးရဲလ်မက်ဒရစ်ဂိုးသမားကော်တိုရစ် ကာကွယ်နိုင်ခဲ့ပြီးနောက် အမ်ဘာပေအပေါ် ဒီကလန်ရိုက်စ် ပြစ်ဒဏ်ကျူးလွန်မှုနဲ့အတူ အိမ်ရှင်တို့ ပယ်နယ်တီကန်သွင်းခွင့် ရရှိလာခဲ့ပါတယ်။ ဒါက ပထမအကျော့ဂိုးပြတ်ရှုံးနိမ့်မှုကို ပြန်လည်အဖတ်နိုင်ဖို့အတွက် မဟာအခွင့်အရေးကောင်းရဲ့လမ်းစတစ်ခုလို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့် VAR ရဲ့အချိန်အတော်ကြာပြန်လည်စစ်ဆေးမှုအပြီးမှာ ရီးရဲလ်မက်ဒရစ်အတွက် ဒီပယ်နယ်တီအခွင့်အရေးကို ပယ်ဖျက်သွားပါတယ်။ တကယ်တမ်းမှာလည်း ရီးရဲလ်မက်ဒရစ်ရဲ့ ၁၆ ကြိမ်မြောက်ချန်ပီယံလိဂ်ဆုဖလားအောင်မြင်မှုသိမ်းပိုက်နိုင်ရေးစိန်ခေါ်မှုက အားနည်းတဲ့ပုံစံနဲ့သာ အဆုံးသတ်ခဲ့ပြီး ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်နိုင်စရာ မရှိခဲ့ပါဘူး။

အန်ဆယ်လော့တီက “ အရှိန်အဟုန်ပြောင်းလဲပစ်ဖို့ ကွင်းလယ်ဒိုင်ပေးအပ်လာတဲ့ ပယ်နယ်တီလိုမျိုး အပေါင်းလက္ခဏာဆောင်တဲ့ အရာအချို့ကို လိုအပ်ခဲ့ပါတယ်။ ကျွန်တော်တို့အတွက် ယုံကြည်မှုပိုပြီးရှိစေမယ့် အရာအချို့ လိုအပ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ ပထမအကျော့ရဲ့အရှိန်အဟုန်ကို ပြောင်းလဲပစ်နိုင်စွမ်း မရှိခဲ့ပါဘူး”လို့ ဆိုပါတယ်။

အခုလိုရှုံးပွဲကြုံတွေ့ခဲ့ပေမယ့် အန်ဆယ်လော့တီက အနည်းဆုံးတော့ လာလီဂါအမှတ်ပေးဇယားဦးဆောင်သူ ဘာစီလိုနာနဲ့လေးမှတ်ကွာဟမှုကို လျှော့ချဖို့ ကြိုးစားရင်း ရီးရဲလ်မက်ဒရစ်ရဲ့ဘောလုံးရာသီမှာ ဖြစ်နိုင်ခြေများစွာ ကျန်ရှိနေပါသေးတယ်လို့ ဆိုပါတယ်။ သူက “အခု ကျွန်တော်တို့တွေ လာလီဂါချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေရပါတယ်။ ကျွန်တော်တို့မှာ အားနည်းချက်တစ်ခုရှိပေမယ့် ဘာစီလိုနာနဲ့ပွဲစဉ်လည်း ကျန်ရှိနေပါသေးတယ်။ ကိုပါဒယ်လ်ရေးဖလားဖိုင်နယ်နဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတို့ ရှိပါတယ်။ ကျွန်တော်တို့နဲ့ အသားမကျသေးတဲ့ ဘောလုံးရဲ့နောက်ထပ်အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဒါကို စီမံခန့်ခွဲသွားရပါမယ်။

အခုတော့ ခေါင်းကိုမော့ထားပြီး အမှားတွေမှတဆင့် သင်ခန်းစာယူသွားရပါမယ်။ ဝမ်းနည်းစရာကောင်းပေမယ့် ကျွန်တော့်ကစားသမားတွေရဲ့တုံ့ပြန်ပုံကြောင့် စိုးရိမ်မှုတော့ မရှိပါဘူး။ကျွန်တော်တို့ တိုက်ပွဲဝင်သွားရမယ်၊ အတွေ့အကြုံတွေမှတဆင့် သင်ယူသွားရမယ်။ နောက်ပွဲစဉ်အတွက် ပိုကောင်းလာစေဖို့ ကျွန်တော်တို့ ကြိုးစားသွားရပါလိမ့်မယ်”လို့ ပြောပါတယ်။