
နယူးကာဆယ်နဲ့ပွဲမှာ အနီကတ်ပြခံခဲ့ရပေမယ့် အသင်းဖော်တွေကို တောင်းပန်ခြင်းမရှိတဲ့ ဂျက်ဆန်
ချဲလ်ဆီးတိုက်စစ်မှူး နီကိုးလက်စ်ဂျက်ဆန်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က နယူးကာဆယ်ကို ၂-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပေမယ့် အသင်းဖော်တွေကို အခုချိန်အထိ တောင်းပန်ခြင်းမရှိသေးဘူးလို့သိရပါတယ်။
သို့သော်လည်း ချဲလ်ဆီးအနေနဲ့ ကစားသမားရဲ့လုပ်ရပ်ကို မှားယွင်းတယ်လို့ မယူဆတာကြောင့် တောင်းပန်ဖို့အတွက်လည်း ဖိအားပေးခြင်းမရှိပါဘူး။ ဆီနီဂေါလက်ရွေးစင်ဟာ နယူးကာဆယ်ကစားသမား ဆဗန်ဘော့မန်းကို လက်မောင်းနဲ့ ရိုက်မိခဲ့တာဖြစ်ပြီး ကွင်းလယ်ဒိုင်က ကနဦးမှာ အဝါကတ်ပြသခဲ့ပေမယ့် VAR နဲ့စစ်ဆေးပြီးနောက်မှာတော့ တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။
အသက်-၂၃ နှစ်အရွယ်ကစားသမားဟာ တိုက်ရိုက်အနီကတ်ပြသခံခဲ့ရပေမယ့် ချဲလ်ဆီးရဲ့ စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေကို ခံယူသွားရမှာမဟုတ်ဘဲ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြစ်ဒဏ်ဘောအနေနဲ့ လက်ခံသွားမယ်လို့သိရပါတယ်။ ဂျက်ဆန်အနေနဲ့လည်း အသင်းဖော်တွေကို မတောင်းပန်ဘဲ ရီးရဲလ်ဘက်တစ်နဲ့ယှဉ်ပြိုင်သွားရမယ့် ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲမှာ ဂိုးသွင်းပြီး အမှားကိုပြန်လည်ချေဖျက်သွားဖို့ ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။
တိုက်ရိုက်အနီကတ်ပြသခံခဲ့ရတာကြောင့် ဂျက်ဆန်ဟာ ယူနိုက်တက်၊ နော်တင်ဟမ်ဖောရက်စ်တို့နဲ့ ကစားသွားရမယ့် ချဲလ်ဆီးရဲ့ နောက်ဆုံးလက်ကျန် ပရီးမီးယားလိဂ် ၂ ပွဲကို လွဲချော်သွားတော့မှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ ချဲလ်ဆီးအနေနဲ့ အဆိုပါပွဲစဉ် ၂ ပွဲမှာ ရလဒ်ကောင်းရရှိဖို့ လိုအပ်နေတာကြောင့် ဂျက်ဆန်မပါဝင်နိုင်မှုက ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်လာဖို့ရှိနေပါတယ်။
လာမယ့်စနေနေ့မှာတော့ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယူနိုက်တက်ကို အိမ်ကွင်းစတန်းဖို့ဒ်ဘရစ်ချ်မှာ ဧည့်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး မေလ ၂၅ ရက်နေ့မှာတော့ နော်တင်ဟမ်ဖောရက်စ်နဲ့ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ် ကစားသွားရပါမယ်။