
နယူးကာဆယ်နည်းပြ အက်ဒီဟိုဝီ ဆေးရုံတင်ထားရလို့ ယူနိုက်တက်နဲ့ပွဲကို လွဲချော်မည်
နယူးကာဆယ်နည်းပြ အက်ဒီဟိုဝီဟာ ကျန်းမာရေးမကောင်းလို့ ဆေးရုံတင်ထားရပြီး ဒီနေ့ည စိန့်ဂျိမ်းစ်ပါ့ခ်မှာ ကစားမယ့် ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ပွဲကို လွဲချော်မှာဖြစ်ကြောင်း အသင်းက အတည်ပြုပြောကြားခဲ့ပါတယ်။ နယူးကာဆယ်အသင်းက ထုတ်ပြန်တဲ့ ကြေညာချက်မှာ အက်ဒီဟိုဝီဟာ ရက်အတော်ကြာ မအီမသာဖြစ်နေပြီးနောက် သောကြာနေ့ညပိုင်းမှာ ဆေးရုံတင်ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ကျန်းမာရေးစောင့်ရှောက်သူတွေက ကာရာဘောင်ဖလားကို ရယူနိုင်ခဲ့တဲ့ နည်းပြကို ဆေးရုံမှာ တစ်ညတာ ထားရှိပြီး ဆက်လက်စစ်ဆေးဖို့ ဆုံးဖြတ်ခဲ့ကြပြီး လက်ရှိမှာ စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ နယူးကာဆယ်အသင်းရဲ့ တရားဝင်ထုတ်ပြန်ချက်မှာ “အသင်းရဲ့ နည်းပြချုပ်ဟာ ရက်အတော်ကြာ မအီမသာဖြစ်နေပြီးနောက် သောကြာနေ့ညပိုင်းမှာ ဆေးရုံတင်ခဲ့ရပါတယ်။ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက အက်ဒီကို ဆက်လက်စစ်ဆေးမှုတွေပြုလုပ်ဖို့ ဆေးရုံမှာ တစ်ညတာ ထားရှိခဲ့ပြီး စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ သူဟာ သတိကောင်းနေပြီး မိသားစုနဲ့ စကားပြောနေကာ ကျွမ်းကျင်တဲ့ ဆေးပညာရှင်တွေရဲ့ စောင့်ရှောက်မှုကို ဆက်လက်ခံယူနေပါတယ်။ နယူးကာဆယ်ယူနိုက်တက်အသင်းမှာရှိတဲ့ လူတိုင်းက အက်ဒီကို မြန်မြန်သက်သာပျောက်ကင်းဖို့ ဆုတောင်းပေးကြပြီး နောက်ထပ်အခြေအနေတွေကို ဆက်လက်ထုတ်ပြန်ပေးသွားမှာပါ။ ဂျေဆင်တင်ဒေါလ်နဲ့ ဂရေဟမ်ဂျုံးစ်တို့က အသင်ကြီး ဝန်ထမ်းတွေရဲ့ ပံ့ပိုးမှုနဲ့အတူ တနင်္ဂနွေနေ့ စိန့်ဂျိမ်းစ်ပါ့ခ်မှာ အသင်းကို ဦးဆောင်သွားမှာပါ” လို့ ဖော်ပြထားပါတယ်။
ပရီးမီးယားလိဂ်မှာ ထိပ်သီးငါးသင်းစာရင်းဝင်ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ကို ပြန်လည်ဝင်ရောက်နိုင်ဖို့ ကြိုးပမ်းနေချိန်မှာ အက်ဒီဟိုဝီ မရှိတာဟာ နယူးကာဆယ်အတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုဖြစ်လာမှာပါ။ နယူးကာဆယ်အသင်းဟာ လက်ရှိ အမှတ်ပေးဇယားရဲ့ အဆင့် (၇) မှာ ရပ်တည်နေပြီး ဒီနေ့ ယူနိုက်တက်နဲ့ ကစားမယ့်ပွဲဟာ သူတို့ရဲ့ ဥရောပအိပ်မက်အတွက် အရေးပါတဲ့ပွဲတစ်ပွဲ ဖြစ်ပါတယ်။