
ဘင်ဖီကာနဲ့ပွဲမှာ Clean Sheet ရယူပြီးနောက် ပိုကောင်းတဲ့လက်စွမ်းတွေ ပြသသွားဦးမယ်လို့ဆိုလာတဲ့ ဆက်ဇနီ
ကြာသပတေးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့်ပွဲစဉ်မှာ ဘာစီလိုနာဟာ ဂိုးသမား ဆက်ဇနီရဲ့ လက်စွမ်းပြသမှုနဲ့အတူ ဘင်ဖီကာကို ၀-၁ နဲ့အနိုင်ရခဲ့ပေမယ့် ဆက်ဇနီက သူ့ရဲ့အကောင်းဆုံးလက်စွမ်းကို ဆက်လက်ပြသသွားဦးမယ်လို့ ပြောကြားလာခဲ့ပါတယ်။ ကစားသမားဘဝမှအနားယူပြီးနောက် တစ်ကျော့ပြန်လည်ကစားချိန်မှာ ဆက်ဇနီဟာ ထိပ်တန်းလက်စွမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပြီး ဘာစီလိုနာအတွက် အရေးပါတဲ့ဂိုးသမားအဖြစ် ရပ်တည်ထားနိုင်တာဖြစ်ပါတယ်။
ဘင်ဖီကာနဲ့ပွဲမှာ ပေးဂိုးမရှိအောင်စွမ်းဆောင်နိုင်ခဲ့ပြီးနောက် ဆက်ဇနီက "ကျွန်တော့်ရဲ့အကောင်းဆုံးလက်စွမ်းတွေကျန်နေပါသေးတယ်။ ဒီပွဲရဲ့ ပွဲချိန် ၂၅ မိနစ်မှာပြုလုပ်နိုင်ခဲ့တဲ့ ကာကွယ်မှုမျိုးကို ကျွန်တော်သဘောကျပါတယ်။ လွန်ခဲ့တဲ့ ၁ လလောက်က ကျွန်တော်တို့ဂိုးတွေအများကြီးခွင့်ပြုခဲ့ရပါတယ်။ ဒီနေ့မှာ ဂိုးမပေးခဲ့ရတာက အရမ်းရေးကြီးပါတယ်။ ဒီပွဲရဲ့အကောင်းဆုံးကစားသမားဆုကို ပီဒရီရခဲ့ပေမယ့် ကျွန်တော့်အနေနဲ့လည်း တစ်ဝက်လောက်တော့ ရသင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဆက်ဇနီက ပထမအကျော့မှာအသာရခဲ့ပေမယ့် ဒုတိယအကျော့အတွက် ပြင်ဆင်ထားသင့်ကြောင်းကို "ဒီပွဲအတွက် ကျွန်တော်တို့အရမ်းကျေနပ်ပါတယ်။ ဒါပေမယ့် အလုပ်ကမပြီးသေးပါဘူး။ ဒုတိယအကျော့ကစားဖို့ ကျန်နေသေးပြီး အဲဒီပွဲမှာလည်း ပရော်ဖက်ရှင်နယ်ကျကျ ယှဉ်ပြိုင်သွားရပါမယ်" "ပြိုင်ပွဲကနေ ထုတ်ပယ်ခံရရင် ဘာလုပ်ရမယ်ဆိုတာ ကျွန်တော်တို့နားလည်ထားပါတယ်။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ တန်ပြန်တိုက်စစ်နဲ့ကစားခဲ့ပါတယ်။ ဒါကြောင့် အသင်းက မတူညီနဲ့ပုံစံတွေနဲ့လည်း နိုင်ပွဲတွေရယူနိုင်တယ်ဆိုတာ သက်သေပြသနိုင်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ပထမအကျော့မှာ ဘင်ဖီကာကို ၀-၁ နဲ့အနိုင်ရခဲ့တာကြောင့် ဘာစီလိုနာဟာ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ အခြေအနေကောင်းသွားပြီဖြစ်ပြီး ဒုတိယအကျော့ အိမ်ကွင်းပရိသတ်တွေအရှေ့မှာ နိုင်ပွဲထပ်မံရရှိဖို့ ကြိုးစားသွားရမှာဖြစ်ပါတယ်။