The network connection is lost.

Banner Image

ဒဏ်ရာပြဿနာကြောင့် ယူကျုံးမရဖြစ်မိကြောင်း ဖွင့်ဟလာတဲ့ မေဆင်မောင့်

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ မေဆင်မောင့်က ခြေထောက်ဒဏ်ရာပြဿနာကြောင့် ကာလရှည်အနားယူသွားရမယ့်အပေါ် အလွန်ယူကျုံးမရဖြစ်မိကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က မန်စီးတီးကို ၁-၂ နဲ့အနိုင်ရခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ အသင်းအတွက် ပွဲထွက်ကစားခွင့်ရခဲ့ပေမယ့် ပွဲအစ ၁၄ မိနစ်မှာပဲ ဒဏ်ရာပြဿနာကြောင့် လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။ 

ယခုအခါမှာတော့ ဆိုရှယ်မီဒီယာမှတစ်ဆင့် မောင့်က "ကျွန်တော်အခုချိန်မှာ ဘယ်လောက်အထိဝမ်းနည်းစိတ်ပျက်ပြီး ယူကျုံးမရဖြစ်နေသလဲဆိုတာ စကားလုံးနဲ့တောင်ဖော်ပြလို့မရပါဘူး။ ဒဏ်ရာရသွားတုန်းက ဖြစ်သွားခဲ့တဲ့ ကျွန်တော့်ရဲ့မျက်နှာကို အားလုံးမြင်တွေ့ကြမယ်လို့ထင်ပါတယ်။ ဒါက ကျွန်တော့်ရဲ့ အခြေအနေကို ကျွန်တော် သေချာသိနေလို့ပါပဲ" လို့ရေးသားမျှဝေခဲ့ပါတယ်။

တော့တင်ဟမ်ကိုရှုံးနိမ့်ခဲ့တဲ့ ကာရာဘောင်ဖလား ပွဲစဉ်အပြီးမှာ မေဆင်မောင့်ရဲ့ဒဏ်ရာပြဿနာနဲ့ပတ်သက်ပြီး ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က "သူဘယ်လောက်အထိအနားယူသွားရမလဲဆိုတာ ကျွန်တော် တိတိကျကျမသိရသေးပါဘူး။ ဒါပေမယ့် ကြာမယ်ဆိုတာတော့ သိပါတယ်" လို့အသိပေးပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ ချဲလ်ဆီးမှ အိုးလ်ထရက်ဖို့ဒ်သို့ စတင်ပြောင်းရွှေ့လာခဲ့တဲ့ မောင့်ဟာ ပွဲဦးထွက်ရာသီမှာ ယူနိုက်တက်အတွက် ၅ ပွဲသာပွဲထွက်ကစားခွင့်ရခဲ့သလို ဒီရာသီမှာလည်း ၄ ပွဲသာပွဲထွက်ခွင့်ရထားတာဖြစ်ပါတယ်။ မောင့်ဟာ ပြီးခဲ့တဲ့ရာသီက ပေါင်ဒဏ်ရာကြောင့် ၅ လခန့်အနားယူခဲ့ရပြီး ဒီရာသီမှာလည်း တံကောက်ကြောဒဏ်ရာကြောင့် ၂ လအထိအနားယူနေခဲ့ရတာဖြစ်ပါတယ်။

မောင့်က "ယူနိုက်တက်ပရိသတ်တွေအနေနဲ့ ကျွန်တော့်အကြောင်းကို ကောင်းကောင်းမသိကြသေးပေမယ့် ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်ဟာ ယုံကြည်မှုအတွက် ဘယ်တော့မှအရှုံးမပေးဘူးဆိုတာပါပဲ"

"ဒါကို ကျွန်တော်အရင်တုန်းကလည်း ပြောပြီးသားဖြစ်ပေမယ့် ဒီလိုခက်ခဲတဲ့ အချိန်ကာလကိုကျော်ဖြတ်နိုင်ဖို့ အဆုံးအထိ ကြိုးစားသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။