
ဆောက်သမ်တန်နဲ့ပွဲမှာ လီဗာပူးရဲ့ အထနှေးမှုကို နည်းပြကြီး အန်းစလော့ စိတ်ပျက်နေခဲ့ကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ဆာလက်
လီဗာပူးတောင်ပံကစားသမား မိုဟာမက်ဆာလက်က စနေနေ့ညက ဆောက်သမ်တန်ကို ၃-၁ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အသင်းရဲ့အထနှေးမှုကို နည်းပြကြီး အန်းစလော့အနေနဲ့ စိတ်ပျက်နေခဲ့ကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
ဆောက်သမ်တန်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အောက်ဆုံးနေရာမှာ ရပ်တည်နေတဲ့အသင်းဖြစ်ပေမယ့် လီဗာပူးအနေနဲ့ ပထမပိုင်းမှာ ဂိုးသွင်းနိုင်ဖို့ရုန်းကန်ခဲ့ရပြီး ဦးဆောင်ဂိုးပင်ပြန်လည်ခွင့်ပြုထားခဲ့ရတာဖြစ်ပါတယ်။ သို့သော်လည်း ဒုတိယပိုင်းမှာတော့ လီဗာပူးဟာ ဆောက်သမ်တန်ကို နောက်ကနေလိုက်ကစားကာ ပွဲပြီးဆုံးချိန်မှာတော့ ၃-၁ နဲ့ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။
ပထမပိုင်းအတွင်းမှာ အန်းစလော့အနေနဲ့ လီဗာပူးရဲ့ခြေစွမ်းနဲ့ အထနှေးမှုအပေါ် အတော်လေးစိတ်ပျက်နေပုံရခဲ့ပြီး အသင်းကလည်း ပထမပိုင်းပြီးကာနီးမှ နောက်ခံလူဗန်ဒိုက်ခ်နဲ့ ဂိုးသမားအလီဆင်ဘက်ကာတို့ရဲ့ ပေါ့လျော့မှုမှတစ်ဆင့် ဦးဆောင်ဂိုးခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ လီဗာပူးအတွက် ချေပဂိုးကို နူနက်ဇ်က စတင်သွင်းယူပေးခဲ့ပြီး အနိုင်ဂိုး ၂ ဂိုးကိုတော့ ဆာလက်က ပင်နယ်တီတွေမှတစ်ဆင့် ထပ်မံသွင်းယူပေးခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ၂ ဂိုးအထိသွင်းယူနိုင်ခဲ့တဲ့ အီဂျစ်လက်ရွေးစင်ဟာ ယခုရာသီပရီးမီးယားလိဂ်မှာ သွင်းဂိုး ၂၇ ဂိုးအထိ ရရှိခဲ့ပြီဖြစ်လို့ ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ဖို့ အတော်လေးအလားအလာများသွားခဲ့ပြီလည်းဖြစ်ပါတယ်။ ပွဲအပြီးအင်တာဗျူးမှာ ဆာလက်က “ပထမပိုင်းက စိတ်ပျက်စရာကောင်းခဲ့ပါတယ်။ နည်းပြလည်းစိတ်ပျက်နေခဲ့ပြီး ကျွန်တော်တို့ရဲ့ခြေစွမ်းအပေါ် အားရနေတာမျိုးမရှိခဲ့ပါဘူး။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ရဲ့ကစားပုံ ကောင်းခဲ့တယ်လို့ ကျွန်တော်မထင်ပါဘူး။ ဒါပေမယ့် ချန်ပီယံလိဂ်၊ ဒါမှမဟုတ် ပရီးမီးယားလိဂ်ဖလားကို ရယူချင်ရင်တော့ ဒီလိုပွဲတွေမှာ မဖြစ်မနေနိုင်ပွဲဖော်ဆောင်သွားနိုင်ဖို့ လိုအပ်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
လီဗာပူးဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၉ ပွဲကစားပြီး ရမှတ် ၇၀ အထိစုဆောင်းထားနိုင်တာကြောင့် အမှတ်ပေးဇယား ဒုတိယနေရာက အနီးကပ်ဆုံးပြိုင်ဘက် အာဆင်နယ်ကို ၁၆ မှတ်အထိဖြတ်တောက်ထားနိုင်ပြီဖြစ်ပါတယ်။ သို့သော်လည်း အာဆင်နယ်က တနင်္ဂနွေနေ့ညမှာ ယူနိုက်တက်နဲ့ကစားဖို့ ကျန်ရှိနေသေးတာကြောင့် ရမှတ်ကွာဟမှုကို ၁၃ မှတ်အထိပြန်လည်လျှော့ချနိုင်မလား စောင့်ကြည့်ရပါမယ်။
လာမယ့် ဗုဒ္ဓဟူးနေ့မှာတော့ လီဗာပူးဟာ ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် ပီအက်စ်ဂျီနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်အပြီးမှာတော့ ကာရာဘောင်ဖလား ဗိုလ်လုပွဲစဉ်ဖြစ် နယူးကာဆယ်နဲ့ ကစားသွားရပါမယ်။